close

ကနေဒါက ယူကရိန်းသို့ Leopard 2 တင့်ကားများပေးပို့

ကနေဒါနိုင်ငံက နောက်ထပ်ပေးပို့မယ့် Leopard 2 တင့်ကားတွေ ယူကရိန်းနိုင်ငံဆီ ထွက်ခွာဖို့ မတ်လ ၁၈ ရက်က ပြင်ဆင်နေပြီး တင့်ကားတွေကို လေယာဉ်တွေပေါ်တင်နေတဲ့ ဗီဒီယိုကို ကနေဒါကာကွယ်ရေးဝန်ကြီးဌာနက လူမှုမီဒီယာပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းအစိုးရဆီ ကနေဒါအစိုးရရဲ့ နောက်ဆုံးပေါ် စစ်ဘက်ဆိုင်ရာ အကူအညီအဖြစ် အမြောက်ကျည် ၈,၀၀၀ လောက်နဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် တဒါဇင်လောက်ကို ကနေဒါက ပေးမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပါတယ်။

ဒိန်းမတ်၊ ဂျာမနီနဲ့ နယ်သာလန်တို့က လှူဒါန်းတဲ့ Leopard 1 တိုက်ပွဲဝင် တင့်ကားတွေအတွက် လေ့ကျင့်ရေးကျည် ၁,၈၀၀ ကျော်ကို ကနေဒါက ယူကရိန်းကို ထောက်ပံ့ပေးဦးမှာပါ။

ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးရဲ့ လစ်ဘရယ်အစိုးရဟာ အခုနှစ် ရုရှားကျူးကျော်မှု စတင်ချိန်ကစပြီး ယူကရိန်းအစိုးရကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၇၃၀ သန်းနဲ့ ညီမျှတဲ့ ကနေဒါဒေါ်လာ ၁ ဘီလီယံကျော် ကတိကဝတ်ပြုထားပါတယ်။

ကနေဒါဟာ လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းကိုရောက်ဖို့ မျှော်လင့်ထားတဲ့ Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကား ၈ စီး လှူဒါန်းမယ်လို့ ကနေဒါက ကြေညာထားပြီးပြီလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

Up