close

ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးနှင့်ပူးပေါင်းရန် အသင့်ရှိဟု အမေရိကန်ပြော

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ကိုရမ်ကျမ်းတအုပ်ကို မီးရှို့တာ အပါအဝင် ဇန်နဝါရီ ၂၂ ရက်မှာ ဆွီဒင်နိုင်ငံရဲ့ မြို့တော် စတော့ဟုမ်းမြို့က တူရကီသံရုံးအနီး ဆန္ဒပြပွဲအပြီးမှာ ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင်အဖြစ် တူရကီရဲ့ ထောက်ခံမှုကို မမျှော်လင့်သင့်ဘူးလို့ တူရကီသမ္မတ တေရစ်အာဒိုဂန်က အစိုးရအဖွဲ့ အစည်းအဝေးအပြီး ဇန်နဝါရီ ၂၃ ရက်မှာ ပြောခဲ့တာပါ။

“စတော့ဟုမ်းမြို့က တူရကီသံရုံးရှေ့မှာ ခုလို ပုတ်ခတ်ပြောဆိုဖို့ ခွင့်ပြုသူတွေဟာ သူတို့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကျနော်တို့ရဲ့ ထောက်ခံမှုကို မျှော်လင့်နိုင်မှာ မဟုတ်ဘူး” လို့ အာဒိုဂန်က ပြောခဲ့ပါတယ်။

လူအများအပြားအတွက် မြင့်မြတ်သန့်ရှင်းတဲ့ စာအုပ်တွေကို မီးရှို့တာဟာ အလွန်မလေးမစား လုပ်ရာကျတဲ့ လုပ်ရပ်ဖြစ်တယ်၊ တစုံတခုဟာ ဥပဒေရှိပေမဲ့ ဆိုးရွားလှတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒိန်းမတ်လက်ယာစွန်းနိုင်ငံရေးပါတီ ခေါင်းဆောင် ဆွီဒင်နိုင်ငံသား ရပ်စ်မွတ် ပါလူဒန်က ကိုရမ်ကျမ်းကို မီးရှို့ခဲ့တာပါ။

ပါလူဒန်ဟာ ကိုရမ်ကျမ်းကို မီးရှို့တဲ့ ဆန္ဒပြပွဲ အများအပြားကို အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ ကူဝိတ် အပါအဝင် အာရပ်နိုင်ငံအများအပြားက ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

တူရကီဟာ ဆွီဒင်သံအမတ်ကို ဆင့်ခေါ်ပြီး ဆွီဒင်ကာကွယ်ရေးဝန်ကြီးရဲ့ တူရကီဆီလာမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ဆွီဒင်နဲ့ ဖင်လန်တို့ဟာ နေတိုးအဖွဲ့ထဲဝင်ဖို့ မနှစ်က လျှောက်ထားခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံ ၃၀ စလုံးက သူတို့ရဲ့ အဆိုပြုချက်ကို အတည်ပြုရမှာပါ။

အထူးသဖြင့် ဆွီဒင်ဟာ အကြမ်းဖက်သမားတွေ အထူးသဖြင့် ကာ့ဒ်စစ်သွေးကြွတွေနဲ့ တူရကီမှာ ၂၀၁၆ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အုပ်စုတွေအပေါ် ဆွီဒင်က ပိုမိုရှင်းလင်းတဲ့ ရပ်တည်ချက် ထားရမယ်လို့ တူရကီအစိုးရက အရင်က ပြောခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up