close

မဲဆောက်တွင် မြန်မာများနေထိုင်သည့် ၄ ထပ်တိုက်ကို ထိုင်းရဲနှင့်စစ်တပ်က ဝင်ရောက်စစ်ဆေး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာစစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေသူတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို ထိုင်းတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့၊ မယ်ပအုပ်စု၊ မာလွေးရပ်ကွက်၊ တန်တျို့လမ်းထဲမှာ တရားမဝင်မြန်မာတွေ အမြောက်အမြားဝင်ရောက်နေထိုင်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် ထိုင်းစစ်တပ် အမှတ် ၁၄ ခြေလျင်တပ်ရင်း၊ နရေးဆွန်တပ်၊ လဝကရဲ၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၂၂ ရက် မနေ့က အခန်းပေါင်း ၄၀ ပါရှိသော ၄ ထပ်တိုက်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနေရာမှာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့သူတွေအပါအဝင် မြန်မာနိုင်ငံသား အယောက် ၂၀၀ ကျော် နေထိုင်ပြီး အများစုမှာ လူငယ်လူရွယ်တွေလို့ သတင်းရထားပေမယ့် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါ အားလုံး ထွက်ပြေးပုန်းရှောင်သွားကြပြီး အသုံးအဆောင် ပစ္စည်းတွေသာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပစ္စည်းတွေထဲမှာ စစ်ဝတ်စုံ၊ စစ်အသုံးအဆောင်၊ ဆက်သွယ်ရေးပစ္စည်း၊ ဆရာဝန်သုံးပစ္စည်းတွေ သိမ်းဆည်းရမိပြီး အနီးနားပတ်ဝန်းကျင်က လူအချို့ကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စီးနင်းစစ်ဆေးရာမှာ အဆိုပါတိုက်ခန်းတွေမှာနေထိုင်တဲ့  မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရခြင်း မရှိရှိ‌တော့ မသိရသေးပါဘူး။ 

ထိုင်းလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ၁ ဦး ပြောပြချက်အရ အဆိုပါ ၄ ထပ်တိုက်ဟာ အရင်က လူမနေတဲ့ တိုက်ခန်းဟောင်းကြီးဖြစ်ကြောင်း၊ နောက်ပိုင်းမှာ အခန်းအားလုံးကို ငှားရမ်းတဲ့သူပေါ် လာပြီး ပြင်ဆင်မွမ်းမံနေထိုင်နေကြတာကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းက ကျောထောက်နောက်ခံ ပြုပေးနေတာကြောင့် ရပ်ကွက်လုံခြုံရေးက သွားပြီးနှင်ထုတ်လို့လည်း မရဘူးလို့ ပြောပါ တယ်။

မယ်ပရပ်ကွက်မှာ တရားမဝင် မြန်မာနိုင်ငံသား ၅၀၀၀၀ ခန့် ဝင်ရောက်နေထိုင်နေပြီး လုပ်ကိုင်စားသောက်နေကြတယ်လို့  ထိုင်းလုံခြုံရေးကပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။ 

Ref: Matichon

Up