ဘရာဇီးလ်တွင် လူဆိုးဂိုဏ်းခေါင်းဆောင်ကို ဖမ်းရာက ၁၃ ဦး ထက်မနည်း သေဆုံး

ဘရာဇီးလ်နိုင်ငံက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ရီယိုဒီဂျနေရိုးမြို့ရဲ့ အပြင်ဘက်မှာ လူဆိုးဂိုဏ်း ခေါင်းဆောင် တယောက်ကို စီးနင်းဖမ်းဆီးခဲ့အပြီးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ် ၂၃ ရက် ပြောကြားပါတယ်။
ရီယိုဒီဂျနေရိုးရဲ့ အရှေ့မြောက်ဘက်ရှိ ဆောင်ဂွန်ကာလိုမြို့ရှိ အလုပ်သမားလူတန်းစားတွေ နေထိုင်ရာ ဆလ်ဂွေရို ရပ်ကွက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သေဆုံးသူအားလုံးဟာ ရာဇ၀တ်ကောင်တွေ လို့ သံသယရှိကြသူတွေဖြစ်ပြီး ဒီပဋိပက္ခအတွင်း ရာဇ၀တ်မှုသံသယတွေနဲ့ ဘာဆက်စပ်မှုမရှိတဲ့ ဒေသခံ ၃ ဦး လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေထဲမှာ မြောက်ပိုင်း ပါရာပြည်နယ်မှ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရတဲ့ လီယိုနာဒို ကော်စတာ အာရာဂျို လည်း ပါဝင်နေပါတယ်။
သူဟာ လတ်တလောနှစ်တွေအတွင်း ပါရာပြည်နယ်မှာ ရဲအရာရှိအများအပြား သေဆုံးမှုမှာ ပါဝင်ပတ်သက်နေပြီး အဲဒီဒေသမှာ ပုန်းအောင်းနေတယ်လို့ ရဲတွေက ယုံကြည်ထားပါတယ်။
“ဒီနေ့ဟာ မစ်ရှင်တွေရဲ့ အောင်မြင်မှုကို အထိမ်းအမှတ် ပြုနိုင်တဲ့နေ့ဖြစ်ပါတယ်” လို့ အရပ်ဘက် ရဲတပ်ဖွဲ့ အတွင်းဝန် ဖှာနန်ဒို အလ်ဘူကာကီ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရီယိုပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ မက်ထရိုဧရိယာရဲ့ ကျယ်ပြောလှတဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ လူအသေအပျောက်ရှိတဲ့ စီးနင်းမှုတွေကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။