close

ဘရာဇီးလ်တွင် သမုဒ္ဒရာထဲ လွင့်မျောနေသည့် ပလတ်စတစ်ကျောက်တုံးများ တွေ့ရှိ

ဘရာဇီး ဘူမိဗေဒပညာရှင် ဖာနန်ဒါ အဗီလာ ဆန်တိုစ့်ဟာ ဘရာဇီးလ်ကမ်းရိုးတန်းက သုံးရက်ကနေ လေးရက်ကြာ လှေစီးပြီးသွားရတဲ့ ထရင်ဒါဒီကျွန်းမှာ သမုဒ္ဒရာထဲက လွင့်မျောနေတဲ့ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပလတ်စတစ်ကျောက်တုံးတွေကို တွေ့ရှိရပြီး ‘Disturbing’ လို့ အမည်ပေးထားပါတယ်။

ဆန်တို့စ်ဟာ မြေပြိုမှု၊ တိုက်စားမှုနဲ့ တခြားဘူမိဗေဒ အန္တရာယ်များဆိုတဲ့ ခေါင်းစဉ်နဲ့ သူရဲ့ ပါရဂူဘွဲ့စာတမ်းကို သူတေသနပြုဖို့ ကျွန်းကိုသွားရောက်ချိန် ၂၀၁၉ ခုနှစ်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။

သူဟာ ကမ္ဘာပေါ်မှာ မျိုးသုဉ်းလုနီးပါး ပျောက်ကွယ်နေတဲ့ အစိမ်းရောင်လိပ်တွေအတွက် ကမ္ဘာ့အကြီးဆုံး မျိုးပွားရာနေရာဖြစ်တဲ့ Turtle beach လို့ လူသိများတဲ့ သဘာဝဘေးမဲ့တောတခုအနီးမှာ အလုပ်လုပ်နေချိန် စိမ်းပြာရောင် ကျောက်တုံးတွေကို တွေ့ခဲ့တာပါ။

နှစ်လကြာ လေ့လာရေးခရီးပြီးတဲ့နောက် သူနဲ့အဖွဲ့ဟာ နမူနာတွေကို ဓာတ်ခွဲခန်းမှာ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် နှစ်ဘီလီယံပေါင်းများစွာကြာအောင် ကျောက်တုံးဖွဲ့စည်းတဲ့ နေရာမှာ ကမ္ဘာမြေက အသုံးပြုတဲ့ပစ္စည်းနဲ့ လုပ်ငန်းစဉ်မှာ ပလတ်စတစ်အမှိုက်တွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ရှိခဲ့ပြီး ဘူမိဗေဒဆိုင်ရာ ဖွဲ့စည်းမှုပုံစံသစ်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

“လူသားတွေဟာ အခုအခါမှာ ဘူမိဗေဒဆိုင်ရာ ဖန်တီးသူအနေနဲ့ လုပ်ဆောင်နေပြီး အရင်က သဘာဝအတိုင်းဖြစ်တဲ့ ကျောက်သားဖွဲ့စည်းမှုလို ဖြစ်ရပ်တွေကို လွှမ်းမိုးနေပြီလို့ ကောက်ချက်ချပါတယ်” လို့ ဆန်တို့စ်က AFP ကို ပြောပါတယ်။

“ယနေ့ခေတ် သိပ္ပံပညာ‌ရှင်တွေ အများကြီး ပြောနေကြတဲ့ Anthropocene (လူသားမျိုးနွယ်အား ဖြစ်တည်မှု၏ ဗဟိုအဖြစ်သတ်မှတ်နိုင်သော) အယူအဆနဲ့ ကိုက်ညီပါတယ်။ လူသားတွေရဲ့ ဘူမိဗေဒခေတ်က ကမ္ဘာမြေရဲ့ သဘာဝဖြစ်စဉ်တွေကို လွှမ်းမိုးနေပါတယ်။ ဒီ‌ကျောက်တုံးနဲ့တူတဲ့ ပလတ်စတစ် အမျိုးအစားကို ဘူမိဗေဒမှတ်တမ်းမှာ ထိန်းသိမ်းထားပြီး အမှတ်အသား ပြုထားပါတယ်” လို့ သူမက ပြောပါတယ်။

ထရင်ဒါဒီကျွန်းဟာ ဝေးလံခေါင်သီပြီး လှပတဲ့ အပူပိုင်းဒေသမှာရှိတဲ့ ကျွန်းဖြစ်ပြီး ပင်လယ်ငှက်မျိုးစိတ် အမျိုးမျိုး၊ အဲ့ဒီနေရာမှာပဲတွေ့ရတဲ့ ငါး၊ မျိုးသုဉ်းလုနီးပါး ဂဏန်းတွေနဲ့ အစိမ်းရောင်လိပ်တွေအတွက် ခိုလှုံရာနေရာဖြစ်ပြီး တောင်အန္တလန္တိတ်ကျွန်းရဲ့ လူသားတွေရှိတဲ့ တခုတည်းသော နေရာကတော့ ဘရာဇီးလ်စစ်အခြေစိုက်စခန်းနဲ့ သိပ္ပံသုတေသနစင်တာတခု ဖြစ်ပါတယ်။

Up