အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံရ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုဟာ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုအပေါ် ဆန့်ကျင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂယ်လန့်ကို မတ် ၂၆ ရက်မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။
အစ္စရေးအစိုးရအနေနဲ့ နိုင်ငံရဲ့တရားစီရင်ရေးစနစ်ကို ပြန်လည်ပြင်ဆင်မယ့် အငြင်းပွားဖွယ်ရာ အစီအစဉ်အပေါ် ရှေ့တိုးလုပ်ဆောင်ရာမှာ အချိန်ဆွဲထားသင့်တယ်လို့ ယိုအက်ဖ် ဂယ်လန့် က ထောက်ပြပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပက်သက်ပြီး ဝန်ကြီးချုပ်ရုံးကလည်း အတည်ပြုပါတယ်။ ဥပဒေပြုအမတ်တဦးဖြစ်တဲ့ ဂယ်လန့်ဟာ နေတန်ယာဟုရဲ့ လက်ယာယိမ်း လစ်ကစ်ပါတီက ဖြစ်ပြီး ဒီဥပဒေပြဋ္ဌာန်းမှုကို ဆိုင်းငံ့ထားဖို့ နေတန်ယာဟုအပေါ် လူသိရှင်ကြား တိုက်တွန်းခဲ့တာကြောင့် ဝန်ကြီးရာထူးကနေ အနားယူလိုက်ရတာပါ။
တရားစီရင်ရေးစနစ် ပြန်လည်ပြင်ဆင်မှုအပေါ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြရာမှာ စစ်ဘက်ဆိုင်ရာ အရန်တပ်ဖွဲ့ဝင်တွေပါ ပိုမိုပါဝင်လာတာကြောင့် နိုင်ငံ့စစ်တပ်အပေါ် သက်ရောက်မှု ရှိလာပြီး နိုင်ငံတော်လုံခြုံရေးအတွက်လည်း အနှောင့်အယှက်ဖြစ်လာနိုင်တယ်လို့ ဂယ်လန့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။