close

ဂျာမနီတွင် ဆန္ဒပြမှုများကြောင့် အများပြည်သူဝန်ဆောင်ရာဌာနများ ရပ်တန့်

ဆယ်စုနှစ်များစွာအတွင်း ဂျာမနီနိုင်ငံမှာ အကြီးမားဆုံး ဆန္ဒပြပွဲတွေကြောင့်   မြူးနစ်လေဆိပ်မှာ မတ် ၂၆ ရက်က လုံးဝ တိတ်ဆိတ်လို့ နေပါတယ်။ 

ဒါဟာ မတ်  ၂၇ ရက်မှာ ဂျာမနီနိုင်ငံတဝန်း လုပ်ငန်းလည်ပတ်ပတ်မှု ရပ်တန့်သွားစေနိုင်မယ့် နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ဆန္ဒပြမှုတခုရဲ့ ရှေ့ပြေးဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

ဥရောပရဲ့ အကြီးမားဆုံးသော စီးပွားရေးတည်ရှိရာ နိုင်ငံက မီးရထားလမ်းတွေနဲ့ လေဆိပ်အ များအပြားမှာ ပြတ်တောက်မှု ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းထားကြပါတယ်။

ဂျာမနီနိုင်ငံရဲ့ သမဂ္ဂဆိုင်ရာ ထိပ်ပိုင်းအကြီးအကဲတဦးဖြစ်သူက ငွေကြေး ဖောင်းပွမှု မြင့်တက်လာတာနဲ့အမျှ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတိုက်ပွဲဝင်နေတဲ့ လူထောင်ပေါင်း များစွာရဲ့ ဒီကနေ့သပိတ်မှောက်ဆန္ဒပြမှုဟာ "အသက်ရှင်သန်ရေးကိစ္စ" ဖြစ်တဲ့အတွက် တရား မျှတမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

မတ် ၂၆ ရက်က မြူးနစ်လေဆိပ်မှာ စတင်သပိတ်မှောက်ခဲ့တာကြောင့် လေကြောင်း ခရီးစဉ်အများအပြား ဖျက်သိမ်းမှုကို ထွက်ခွာမှုပြဘုတ်ပြားမှာ ဖော်ပြထားပါတယ်။ 

ဒီလို သပိတ်မှောက်မှာကို ခရီးသွားအများစုဆီ အကြောင်းကြားထားတာကြောင့် ဂျာမနီ တောင်ပိုင်း လေဆိပ်မှာလည်း လူမရှိသလောက် နည်းပါးတာကို တွေ့ရပါတယ်။ 

ဂျာမနီနိုင်ငံရဲ့ မီးရထားကုမ္ပဏီတခုဖြစ်တဲ့ ဒွိုက်ချယ်ဘန်းကတော့ သပိတ်မှောက် အစီအစဉ် အပေါ် ရှုတ်ချကာ အလုပ်သမားတွေအနေနဲ့ ညှိနှိုင်းဆွေးနွေးရေး စားပွဲဝိုင်းတွေဆီ ပြန်လာဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဥရောပနိုင်ငံကြီးတွေရဲ့ စီပွားရေးအပေါ် ထိခိုက်မှုရှိခဲ့တဲ့ လပေါင်းများစွာကြာ စက်မှုလုပ်ငန်းဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုတွေထဲမှာ ဂျာမနီနိုင်ငံရဲ့ သပိတ်မှောက် ဖြစ်ရပ်တွေက နောက်ဆုံးဖြစ်ပါတယ်။ 

စားသောက်ကုန်နဲ့ စွမ်းအင်ဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ လူနေမှု ဘဝတွေမှာပါ ထိခိုက်မှုရှိလာခဲ့ပါတယ်။ 

ဗယ်ဒီ အမည်ရ အလုပ်သမားသမဂ္ဂကတော့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးနဲ့ လေဆိပ်တွေ အပါအဝင် အစိုးရကဏ္ဍက ဝန်ထမ်း ၂ ဒသမ ၅ သန်းဝန်းကျင်အပေါ် ကိုယ်စားပြုကာ ညှိနှိုင်းဆွေးနွေးနေပါတယ်။ 

မီးရထားနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သမဂ္ဂဖြစ်တဲ့ အီးဗီဂျီကလည်း ဝန်ထမ်း ၂ သိန်း ၃ သောင်း ကျော်အတွက် ဒွိုက်ချယ်ဘန်း ကုမ္ပဏီအပါအဝင် ဘတ်စ်ကားကုမ္ပဏီတွေနဲ့ပါ စေ့စပ်ညှိနှိုင်း နေပါတယ်။ 

ဗယ်ဒီ ဘက်ကတော့ တလကို  ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အနည်းဆုံး ယူရိုငွေ ၅၀၀ အထိ လုပ်ခ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုထားပြီး အီးဗီဂျီ ဘက်ကတော့ တလကို ၁၂ ရာခိုင်နှုန်း ဖြစ်တဲ့  အနည်းဆုံး ယူရိုငွေ ၆၅၀ အထိ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

Up