close

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်း အဖြူ‌ရောင်ဘောင်းဘီအစား အပြာရောင် ပြောင်းလဲဝတ်ဆင်မည်

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းအနေနဲ့ ကစားသမားတွေ ဓမ္မတာလာချိန်မှာ ဘောင်းဘီအဖြူနဲ့ ဝတ်ဆင်ကစားရတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဘောင်းဘီအတို အဖြူရောင်အစား အပြာရောင်နဲ့ လဲလှယ်တော့မှာဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ဒီအပတ်မှာ ကြေညာပါတယ်။

အက်ဖ်အေရဲ့ သတင်းမီဒီယာထုတ်ပြန်ချက်ထဲမှာ ဒီလိုပြောင်းလဲရတဲ့ အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိပေမဲ့ အင်္ဂလန်တိုက်စစ်မှူး ဘတ်မိ(တ်) ကတော့ အသင်းရဲ့ ဝတ်စုံတွေအတွက် တရားဝင်ထုတ်လုပ်သူ Nike ကုမ္ပဏီနဲ့ အသင်းကြားမှာ ဒီအပြောင်းအလဲအတွက် စကားပြောဆိုခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က အတည်ပြုထားပါတယ်။

အဖြူရောင် ဘောင်းဘီအတိုတွေဟာ “လတလရဲ့ ဓမ္မတာလာချိန်တွေမှာ သင့်တော်မှုမရှိဘူး” လို့ ဘတ်မိ(တ်)က ဆိုပါတယ်။

ယူရိုချန်ပီယံ အင်္ဂလန်အသင်းအနေနဲ့ ဒီလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ဘရာဇီးလ်၊ သြစတြေးလျအသင်းတို့နဲ့ ခြေစမ်းပွဲစဉ် အပါအဝင် လာမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေမှာပါ အိမ်ကွင်း၊ အဝေးကွင်း ဝတ်စုံနှစ်ခုစလုံးအတွက် အပြာရောင်ဘောင်းဘီအတိုကို ဝတ်ဆင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၀ ရက်အထိ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ပူးတွဲကျင်းပသွားမှာပါ။

နယူးဇီလန် အမျိုးသမီးဘောလုံးအသင်းကလည်း ကစားသမားတွေရဲ့ ဓမ္မတာလာမှုဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုအပေါ် ဖြေလျှော့ပေးနိုင်ဖို့အတွက် အိမ်ကွင်းဝတ်စုံ အဖြူရောင်ဘောင်းဘီတို နေရာမှာ စိမ်းပြာရောင်နဲ့ လဲလှယ်တော့မှာဖြစ်တယ်လို့ နိုင်ငံ့ဘောလုံးအဖွဲ့ချုပ် (အန်ဇက်အက်ဖ်) က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားထားပါတယ်။

ဒီလိုပြဿနာမျိုးဟာ ဝင်ဘယ်လ်ဒန် တင်းနစ်ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ဖြစ်ပေါ်ခဲ့တဲ့အပြင် ဓမ္မလာချိန်မှာတောင် အဖြူရောင်ဝတ်ဆင်ဖို့ ဖိအားပေးခံရတဲ့အပေါ် အမျိုးသမီး ကစားသမားတွေအနေနဲ့ ကျေနပ်မှုမရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒါကြောင့် ဒီနှစ်အတွက် မြက်ခင်းပြင် ဂရန်းဆလမ်းပြိုင်ပွဲမှာ အဖြူရောင်သာ ဝတ်ဆင်ရမယ်ဆိုတဲ့ တင်းကျပ်တဲ့စည်းမျဉ်းအပေါ် ခြွင်းချက်ထားပေးမှာဖြစ်ပြီး အမျိုးသမီး ကစားသမားတွေအနေနဲ့ အရောင်ရင့်တဲ့ အောက်ခံဘောင်းဘီတွေ ဝတ်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။

Up