မြောက်ကိုရီးယား ဆိုက်ဘာခြိမ်းခြောက်မှုအပေါ် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် စိုးရိမ်

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ နျူးကလီးယားသံတမန်တွေဟာ ဧပြီ ၇ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို ရှုတ်ချခဲ့ပြီး ပြုံယမ်းရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်အန္တရာယ်မြင့်တက်နေချိန်မှာ သူ့ရဲ့ လက်နက်အစီအစဉ်တွေကို ပံ့ပိုးဖို့ “အန္တရာယ်ရှိတဲ့” ဆိုက်ဘာခြိမ်းခြောက်မှုတွေအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
တောင်ကိုရီးယား နျူးကလီးယား စေ့စပ်ညှိနှိုင်းရေးမှူး ကင်မ်ဂန်ဟာ အမေရိကန် ကိုယ်စားလှယ် ဆောင်ကင်မ်နဲ့ ဂျပန်အရာရှိ တာကီဟီရို ဇူနာကိုရှီ တို့ဟာ ဆိုးလ်မှာ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယား ရည်မှန်းချက်ဟာ ကိုယ့်ဆီကိုပဲ ပြန်ရောက်လာတဲ့ ဘူမာရမ်းလို သူ့စီးပွားရေးကို သူပြန်ဖျက်ဆီးတဲ့လုပ်ရပ်ထက် ဘာမှမပိုဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အနာဂတ်ရန်စမှုတွေကို ထိထိရောက်ရောက် တန်ပြန်ပြီး ဒီ တရားမဝင် လှုပ်ရှားမှုတွေကို ထောက်ပံ့ပေးတဲ့ သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်သွားမယ်လို့လည်း ကင်မ်ဂန်က ပြောဆိုပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အပြစ်မပေးဘဲ ကျော်မသွားဘူးလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယား ဟက်ကာတွေ ခိုးယူထားတဲ့ ခရစ်ပ်တိုငွေကြေး ဒစ်ဂျစ်တယ်ပိုက်ဆံ ရန်ပုံငွေတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်အစီအစဉ်တွေအတွက် ငွေကြေးထောက်ပံ့မှု အဓိကရင်းမြစ်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ၊ သူတို့ရဲ့ မဟာမိတ်တွေက ပြောကြပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ဒေါသထွက်နေတဲ့ ပြုံယမ်းဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။