close

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ မြောက်ကိုရီးယားနျူးကလီးယားအရေး ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဆောင်ကင်မ်ဟာ  တောင်ကိုရီးယားရဲ့ နျူးကလီးယားအရေး ညှိနှိုင်းမှုအကြီးအကဲ ကင်မ်ဂန်းနဲ့ ဧပြီ ၆ ရက်က တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြားမှာ ဆောင်ကင်မ်ဟာ သူ့ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ် ကင်မ်ဂန်နဲ့ ဂျပန်မိတ်ဘက် တာကီဟီရိုဇူနာကိုရှီတို့နဲ့ အစည်းအဝေးတွေကျင်းပဖို့ ၂ ရက်တာ ခရီးစဉ်အတွက် ဆိုးလ်ကို မနေ့က ရောက်ရှိလာခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆောင်ကင်မ်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းပြောကြားမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ B-1B နဲ့ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ လေကြောင်းနဲ့ ရေကြောင်းလေ့ကျင့်မှု အပါအဝင် နှစ်စဉ် နွေဦးရာသီ လေ့ကျင့်ခန်းနဲ့ ၅ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံး ကုန်းရေ ၂ သွယ် ဆင်းသက် လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သူတို့ကိုကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှု လုပ်နေတာလို့ ခေါ်ဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ လတ်တလော ရက်သတ္တပတ်တွေအတွင်း သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီး သစ်လွင်ပြီး ပိုသေးငယ်တဲ့ နျူးကလီးယား ထိပ်ဖူးအသစ်တွေကိုလည်း ထုတ်ပြလာပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ ဘယ်နေရာကိုမဆို ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်နေပြီး နျူးကလီးယားစွမ်းရည်ရှိတဲ့ ရေအောက်တိုက်ခိုက်ရေး ဒရုန်းကိုလည်း စမ်းသပ်ပြခဲ့ပါတယ်။

Up