close

ရွှေပေါက္ကံစက်မှုဇုန်တွင် မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ စက်မှုဇုန် ၃၊ ကနောင် ၂ လမ်းနဲ့ ကနောင်မင်းသားကြီးလမ်းထောင့်ရှိ စက်ရုံတရုံမှာ ဧပြီ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

သရေပြားနဲ့ ပလတ်စတစ်ပြားထုတ်လုပ်တဲ့ ဆိုးပြားလုပ်ငန်းစက်ရုံမှာ ဒီမနက် အစောပိုင်း ၂ နာရီ ၅၃ မိနစ်လောက်က  စတင်လောင်ကျွမ်းခဲ့တာပါ။ 

ကယ်ဆယ်ရေးအသင်းတခုရဲ့ အသင်းဝင်တယောက်က "တွေ့ရသလောက် လောင်စာက အားကောင်းနေတော့ မီးသတ်ယာဉ်ချည်းပဲ အစီး ၂၀၊ ၃၀ လောက် ရှိတယ်။ လမ်းကလည်း တလမ်းသွားပုံစံဆိုတော့ ဝင်ရပြုရခက်တာလည်း ပါတယ်။ စက်ရုံပင်မရုံရဲ့ ဘေးက ကုန်ကြမ်းလှောင်တဲ့နေရာ လောင်တာလို့ သိရပါတယ်။ မီးလောင်တဲ့အဆောက်အအုံကတော့ တခြမ်းပြိုကျထားပါတယ်။ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရပါတယ် " လို့ပြောပါတယ်။   

မနက် ၃နာရီမှာ Level 1 ခေါ်ခဲ့ပေမဲ့ လောင်စာအားကောင်းနေတာကြောင့် မနက် ၃ နာရီ ၀၃ မိနစ်မှာ Level 2 အဆင့်မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၃ နာရီ ၂၂ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်ဘက် အဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်ပြတ်ရှဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို မြန်မာမီးသတ်ဌာနချုပ် မီးသတ်ယာဉ်၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ ဝေဘာဂီတို့က မီးသတ်ယာဉ်တွေအပြင် တခြားမြို့နယ်က မီးသတ်ယာဉ်တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။ 

မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Up