close

မန္တလေး ဗဟိုမီးသတ်ဌာနရှေ့ရှိ လူနေအိမ် မီးလောင်

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၈×၂၉ လမ်းကြား၊ အကွက် ၅၉၃၊ မန္တလေးဗဟိုမီးသတ်ဌာနရှေ့ရှိ လူနေအိမ်မှာ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်ဌာနက ပြောပါတယ်။

မီးလောင်တဲ့ ၂ ထပ်အ‌ဆောက်အဦဟာ လမ်းကြားထဲမှာရှိတာကြောင့် မီးငြှိမ်းရ အခက်အခဲရှိခဲ့ပြီး မီးလောင်ကျွမ်းချိန်က အသက် ၆၅ အရွယ် အဘိုးတဦးနဲ့ အဘွားတဦး ရှိနေခဲ့တာပါ။

“မီးက ဗလီဝင်းထဲက အိမ်ရဲ့ အပေါ်ထပ်မှာ လောင်နေတာပေါ့။ နာရီဝက်လောက်ပါပဲ ရေခဲသွားတာ။ လူထိခိုက်မှုတော့ မီးခိုးမွှန်တာနဲ့ လန့်တာလောက်ပဲ ရှိတယ်။ အိမ်က ကြားထဲရောက်နေတော့ ငြှိမ်းရခက်တာတခုပဲ၊ အပေါ်ထပ်တထပ်လုံးတော့ မီးကျွမ်းသွားတယ်” လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲလို့ သိရပြီး မန္တလေးဗဟိုမီးသတ်တပ်ဖွဲ့နဲ့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေက ငြိှမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေအိမ်ရှိ ခရီးထွက်နေတဲ့ မိသားစုဝင်တဦးရဲ့ လူမှုကွန်ရက်မှာတော့ “ကျနော့်အိမ် မီးလောင်နေလို့ ကယ်ကြပါဦး။ ၂၈ လမ်း ၈၂ လမ်း ရတနာဝင်း မန္တလေး၊ အိမ်မှာ အဘိုးနဲ့ အဘွားပဲရှိလို့ပါ” လို့ အကူအညီတောင်းထားတာ တွေ့ရပါတယ်။

နေ့လယ် ၁ နာရီ ၁၈ မိနစ်က စတင်လောင်ကျွမ်းတဲ့ မီးကို နေ့လယ် ၁ နာရီ ၃၅ မိနစ်မှာ Level 1 အဆင့်နဲ့ ငြိှမ်းသတ်ကာ ၁ နာရီ မိနစ် ၅၀ မှာ ရေခဲသွားပြီး မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

Up