မြန်မာ့ပြောင်းဈေး ပြန်လည်ကျဆင်း

ထိုင်းဘတ်ငွေဈေးနဲ့ ထိုင်းဘက်က ပြောင်းဈေး မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံကို အဓိက တင်ပို့နေတဲ့ မြန်မာ့ပြောင်းဈေးဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ပြန်လည်တက်ရိပ်ပြခဲ့ပေမဲ့ အခုတပတ်မှာ ပြန်လည်ကျဆင်းလာပါတယ်။
မန္တလေးကုန်စည်ဒိုင်ဈေးကွက်ရဲ့ ဒီကနေ့ ဈေးနှုန်းအရ ဗမာပြောင်းဖူး ၅၄ ပိဿာဝင် တအိတ်ကို ၅၈,၅၀၀ ကျပ်၊ ရှမ်းပြောင်းဖူး တအိတ်ကို ၆၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တပတ်အတွင်း တအိတ်ကို ကျပ် ၂,၀၀၀ ကနေ ၃,၅၀၀ ကျပ်အထိ ဈေးကျဆင်းလာပါတယ်။
ရှမ်းပြည်နယ်အခြေစိုက် ပြောင်းလုပ်ငန်းရှင်တဦးက “၂၀၂၃ ခုနှစ်မှာတော့ ဈေးတက်ဖို့ အရိပ်အယောင် မတွေ့သေးပါဘူး။ အခု ရန်ကုန်အရောက်ဈေး ပြောင်း တပိဿာကို (၁၂၀၀ ကျပ်) ကျော်ရနေတဲ့ဈေးက အရင်နှစ်တွေထက်တော့ ဈေးမဆိုးဘူးလို့ ပြောလို့ရနေပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
မြန်မာ့ပြောင်းစျေးဟာ ထိုင်းနိုင်ငံ အပါအဝင် ဝယ်လက် အိမ်နီးချင်းနိုင်ငံတွေရဲ့ လိုအပ်ချက်ရှိ နေသေးတာကြောင့် လာမယ့်လတွေမှာတော့ ဈေးကျဆင်းနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပြောင်းကုန်သည်တဦးက “အိမ်နီးနားချင်း နိုင်ငံတွေက လိုအပ်ချက်များနေတဲ့အတွက် လမ်းကြောင်း အခက်အခဲမရှိရင် လာမယ့်လတွေမှာ ဈေးနှုန်းမတက်ရင်တောင် တည်တည်ငြိမ်ငြိမ် ဆက်သွားနိုင်ပါတယ်" လို့ ပြောပါတယ်။
ပြည်ပ ပြောင်းတင်ပို့မှုက တနှစ်ကို ပျဉ်းမျှတန်ချိန် ၂ သန်းရှိပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယဈေးကွက်အပြင် အာဖရိကနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့ကိုပါ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ခဲ့ပြီး၊ ကမ္ဘာ့ပြောင်းသုံးစွဲမှုအများဆုံး တရုတ်ဈေးကွက်ကိုလည်း တရားဝင်တင်ပိုခွင့်ရရှိထားတာဖြစ်လို့ ပြည်ပဈေးကွက်အလားအလာကောင်းတဲ့ သီးနှံအဖြစ် သုံးသပ်ထားကြတာပါ။
ဒါပေမဲ့ ကုန်သွယ်ရေးမှုဝါဒ အခက်အခဲ၊ ကုန်စည်တင်ပို့ရာမှာ လမ်းကြောင်း လုံခြုံရေး အခက်အခဲနဲ့ သယ်ယူစရိတ် ပိုကုန်ကျမှုတွေက ပြောင်းဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
ပြောင်းကို ပြည်ပတင်ပို့ရောင်းချရာမှာ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ကျပ်ငွေလဲလှယ်ရပါတယ်။ အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်ဈေး ကွာဟချက်ကြောင့် တောင်သူတွေအနေနဲ့ ပြောင်းဈေးရငွေကို လျော့နည်းရရှိစေပါတယ်။
ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအနေနဲ့ သွင်းအားစုနဲ့ အထွေထွေဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် တောင်သူတွက်ခြေကိုက်စေမယ့် ပြောင်း အခြေခံဈေးကို သတ်မှတ်ပေးသင့်တယ်လို့ သုံးသပ် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။