close

လျှပ်စစ်သုံးယာဉ်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ၁ နှစ် ထပ်မံသက်တမ်းတိုး

PHOTO-MOI

ဘက်ထရီကနေ လျှပ်စစ်စွမ်းအင်ယူ မောင်းနှင်တဲ့ ဘက်ထရီလျှပ်စစ်သုံးယာဉ် (BEV) အမျိုးအစားတွေ၊ ဆပ်စပ်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ မှာ သတ်မှတ်ထားတဲ့ အကောက်ခွန်နှုန်းတွေကို ၂၀၂၄ မတ်လ ၃၁ ရက်အထိ သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အရင်က အဆိုပါ အခွန်လျှော့ချတာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိသာ အကျုံးဝင်ကြောင်း သတ်မှတ်ထားပြီး အခုအခါ ၂၀၁၃ ဧပြီ ၁ ရက်ကနေ ၂၀၂၄ မတ်လ ၃၁ ရက်အထိ တနှစ်သက်တမ်း ထပ်မံမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အကောက်ခွန် သုညရာခိုင်နှုန်းထိ ကင်းလွတ်ခွင့်မှာ အကျုံးဝင်တဲ့ လျှပ်စစ်သုံးယာဉ် အမျိုးအစားတွေကတော့ ပြည်ပကနေ Completely Built Up- CBU စနစ်၊ Completely Knocked Down- CKD စနစ်၊ Semi-Knocked Down-SKD စနစ်တို့နဲ့ တင်သွင်းတဲ့ လမ်းပေါ်မှာ မောင်းနှင်နိုင်တဲ့ နောက်တွဲယာဉ်ကို ဆွဲတဲ့ယာဉ်တို့ပါဝင်ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းအပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနဲ့အထက် စီးနင်းနိုင်တဲ့ ခရီးသည်တင် မော်တော်ယာဉ် (Bus) ၊ ကုန်တင်ယာဉ် (Truck)၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ် (လူစီး)၊ သုံးဘီးတပ်ယာဉ် (ကုန်တင်)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကား (Prison Vans)၊ နိဗ္ဗာန်ယာဉ်တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အဆိုပါလျှပ်စစ်သုံးယာဉ်တွေနဲ့ စပ်လျဉ်းပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်နဲ့ တင်သွင်းတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုမှုနဲ့ ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့် ထပ်မံသက်တမ်းတိုးပေးထားကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Up