ဘုရင်စနစ်ဆန့်ကျင် အစာငတ်ခံဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသူ ၂ ဦးအပါအဝင် ၉ ဦး ထပ်မံဖမ်းဆီးခံရ

မကြာသေးခင်လပိုင်းကမှ သေလုမျောပါးအစာငတ်ခံဆန္ဒပြပြီး မိဘအုပ်ထိန်းသူတို့ရဲ့ အာမခံနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ထိုင်းဆယ်ကျော်သက် ကျောင်းသူ မိန်းကလေး ၂ ဦးဖြစ်တဲ့ တဝမ်း နဲ့ ဘဲန်းတို့ဟာ အပေါင်းပါတွေနဲ့အတူ ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။
သူတို့ ၂ ဦးအပါအဝင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၉ ဦးကို ဘန်ကောက် ဆမ်ရန်းရာ့ဆဒွန်းနယ်မြေရဲတပ်ဖွဲ့က ဌာနဆိုင်ရာပစ္စည်းဖျက်ဆီးမှု၊ ဌာနဆိုင်ရာတာဝန်ရှိသူရဲ့ အမိန့်အာဏာဖီဆန်မှု၊ ပိုက်နက်ကျူးကျော်မှုတွေနဲ့ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ညက ဖမ်းဆီးလိုက်တာပါ။
အဲဒီမတိုင်ခင်က ဆန္ဒပြသူ ၂၀ လောက်ဟာ ရဲစခန်းရှေ့မှာ လာရောက်စုဝေးပြီး ပုဒ်မ ၁၁၂ ထိုင်းတော်ဝင်မိသားစုဂုဏ်သရေညှိုးနွမ်းအောင် အသရေဖျက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယုံ ဆိုသူ အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေးကို ပြန်လွှတ်ပေးဖို့ လာရောက်တောင်း ဆိုခဲ့ပါတယ်။
ယုံ ဟာ မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပြန်အပ်ရင် စာမေးပွဲဖြေဆိုခွင့်ရမယ်၊ အဲဒီထက်နောက်ကျရင် ဖြေခွင့်မရှိဘဲ အတန်းပညာ ၁ နှစ်လုံး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
သူဟာ မေလ ၁၂ ရက်မှာ ဘန့်ဘရဏီလူငယ်ပြုပြင်ရေးစခန်းကနေ လွတ်မြောက်ရမှာဖြစ်ပေမဲ့ ရဲတပ်ဖွဲ့က သူ့ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဥပဒေချိုးဖောက်မှုနဲ့ ထပ်မံတရားစွဲလိုက်လို့ တက်ကြွလှုပ်ရှားအဖွဲ့တွေက မကျေနပ်ဘဲ ရဲစခန်းမှာ လာရောက် တောင်းဆိုကြပါတယ်။ အဲဒီအခါမှာ ရဲတွေနဲ့ အဓိကရုဏ်းဖြစ်ပြီး ဆန္ဒပြသူတွေက ရဲစခန်းမှန်တံခါးကိုထုခွဲကာ အထဲဝင်ဖို့ကြိုးစားသလို တချို့ကလည်း လှေကားရင်းနဲ့ ရဲကားတွေကို ရောင်စုံဆေးတွေနဲ့ စပရေးမှုတ်ခဲ့ကြပါတယ်။
အဆိုပါအဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ခေါင်းထုခံရကာ ဆေးရုံခေါ်သွားရကြောင်း၊ ရဲစခန်းမှန်တစ်ချပ် ကွဲသွားပြီး နံရံနဲ့ လှေခါးထစ်၊ လှေခါးဘောင်တွေ ဆေးမှုတ်ခံရတယ်၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ကား ၂ စီးဆေးမှုတ်ခံရတယ်၊ သူတို့ပြောတဲ့ ရဲက မိန်းကလေးတယောက်ကို အဝတ်ဆွဲချွတ်ဖို့လုပ်တယ်ဆိုတာမမှန်ကန်ပါဘူးလို့ စခန်းမှူး ထွတ်စဖုန်းအမ်းဖိုင်းဖတ် ထနားကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနေ့က တဝမ်းနဲ့ ဘဲန်းအပါအဝင် ဆန္ဒပြသူ ၉ ဦးကို ဖမ်းဆီးပြီး လတ်ကဘန်း ၊ ချလောင်ကုန်းနဲ့ ထုန့်ဆောင်ဟောင့်စတဲ့ နယ်မြေရဲစခန်း ၃ ခုမှာခွဲပြီး ထိန်းသိမ်းထားတယ်လို့ စခန်းမှူးက ပြောပါတယ်။
Photo-Khaosod
ကိုးကား - ThaiPBS / Ch3 TV News