မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းကို ဧပြီ ၁၂ရက်နေ့က ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၁ ရက်နေ့ကလည်း ကင်းကျေးရွာသားနှစ်ဦးရဲ့ ရုပ်အလောင်းနှစ်ခုကို တွေ့ရှိခဲ့ရပြီး ဒီ မနက် အစောပိုင်းမှာ ရုပ်အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ တွေ့တဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ပကဖ(မတ္တရာ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"မီးရှို့ခံရတဲ့ အိမ်ရှင် မိသားစုတွေ မဟုတ်ဘူး။ မဟုတ်ဘူးဆိုတော့ စကစကပဲ ဖမ်းဆီးပြီးတော့ သတ်ပြီးမှ မီးရှို့လိုက်တာလား၊ ဒါမှ မဟုတ်ဘူးဆိုရင် ဖမ်းထားတဲ့လူတွေကို အရှင်လတ်လတ်ပဲ မီးရှို့သလားဆိုတာတော့ ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။
ကင်းကျေးရွာက နေအိမ်ငါးလုံးကို ဧပြီ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် အဆိုပါ မီးလောင်ပြင်တွေကြားထဲကနေ အပုပ်နံ့တွေ ထွက်လာတာကြောင့် ရှာဖွေချိန်မှာ ရုပ်အလောင်း ၂ လောင်း မနေ့က တွေ့ရှိခဲ့ရတာပါ။
လတ်တလောမှာတော့ ကင်းကျေးရွာမှာ နေထိုင်သူ မရှိသလောက်နီးနီး စွန့်ခွာသွားကြပြီလို့ သိရပါတယ်။ ကင်းကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ လေးထောင်ကျော် နေထိုင်တယ်လို့ သိရပါတယ်။
ကင်းကျေးရွာမှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ သံဃာတော် ၁ ပါး နဲ့ ပြည်သူ ၆ ဦး ရှိပြီဖြစ်ပြီး မတ္တရာ တမြို့နယ်လုံးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခံရသူအယောက် ၂၀ ကျော် ရှိလာပြီလို့ သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာမှာ မီးရှို့ခံခဲ့ရတဲ့ နေအိမ်တလုံးအတွင်းကနေ မီးလောင်ကျွမ်းထားတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကင်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် ကိုရာဇာမင်းနဲ့ အသက် ၅၀ အရွယ် ဦးကျော်စိုးတို့ အတိုပါ ရုပ်အလောင်းတွေ ဖြစ်ပြီး သူတို့နှစ်ဦးကို ဧပြီ ၇ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၈ရက်နေ့ ည ၁၁ နာရီ ခွဲမှာတော့ ကင်းကျေးရွာက နေအိမ်ငါးလုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသခံတဦးက “၈ ရက်နေ့ညကတည်းက မီးရှို့တဲ့အထဲမှာ ပါလောက်တယ်။ ရွာကလူတွေကလည်း ရွာကို ပြန်မကပ်ကြတာရယ်၊ နောက်ပြီးကျတော့ မီးလောင်တဲ့အိမ်တွေက အိမ်ရှင်တွေက ပြန်ပြီးတော့ မလာကြဘူးဗျာ။ မီးရှို့ထားတဲ့ အိမ်ရှင်တွေ အားလုံးက ရှောင်နေကြတာကိုး။ ဆိုတော့ ဒီမီးလောင်ပြင်တွေကို ဘယ်သူကမှ ဝင်ပြီးတော့ စစ်ဆေးတာ၊ စပ်စုတာ မရှိဘူးဗျာ၊ မရှိဘူးဆိုတော့ သိမထားမိဘူး။ ဒီနေ့ မနက်ကျမှ အပုပ်နံ့ထွက်လာလို့ စစ်ဆေးကြည့်လိုက်တော့မှ ဒီလိုဖြစ်နေတာ” လို့ပြောပါတယ်။
ဧပြီ ၈ ရက်နေ့ညက မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေထဲက လူမနေတာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ ဦးအောင်မောင်းဆိုသူ ပိုင်ဆိုင်တဲ့ နေအိမ်အတွင်းကနေ အဆိုပါအမျိုးသားအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
အပြစ်မဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်သတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ပကဖ (မတ္တရာ) က ဆိုပါတယ်။
ကင်းကျေးရွာမှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ သံဃာတော် ၁ ပါး နဲ့ ပြည်သူ ၄ ဦး ရှိပြီဖြစ်ပြီး မတ္တရာ တမြို့နယ်လုံးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခံရသူအယောက် ၂၀ အထိ ရှိလာပြီလို့ သိရပါတယ်။