close

ကင်းကျေးရွာ၌ မီးရှို့ခံထားရသည့်နေအိမ်အတွင်း အမျိုးသား ၂ ဦး အလောင်း တွေ့ရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာမှာ မီးရှို့ခံခဲ့ရတဲ့ နေအိမ်တလုံးအတွင်းကနေ မီးလောင်ကျွမ်းထားတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် ကိုရာဇာမင်းနဲ့ အသက် ၅၀ အရွယ် ဦးကျော်စိုးတို့ အတိုပါ ရုပ်အလောင်းတွေ ဖြစ်ပြီး သူတို့နှစ်ဦးကို ဧပြီ ၇ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၈ရက်နေ့ ည ၁၁ နာရီ ခွဲမှာတော့ ကင်းကျေးရွာက နေအိမ်ငါးလုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒေသခံတဦးက “၈ ရက်နေ့ညကတည်းက မီးရှို့တဲ့အထဲမှာ ပါလောက်တယ်။ ရွာကလူတွေကလည်း ရွာကို ပြန်မကပ်ကြတာရယ်၊ နောက်ပြီးကျတော့ မီးလောင်တဲ့အိမ်တွေက အိမ်ရှင်တွေက ပြန်ပြီးတော့ မလာကြဘူးဗျာ။ မီးရှို့ထားတဲ့ အိမ်ရှင်တွေ အားလုံးက ရှောင်နေကြတာကိုး။ ဆိုတော့ ဒီမီးလောင်ပြင်တွေကို ဘယ်သူကမှ ဝင်ပြီးတော့ စစ်ဆေးတာ၊ စပ်စုတာ မရှိဘူးဗျာ၊ မရှိဘူးဆိုတော့ သိမထားမိဘူး။ ဒီနေ့ မနက်ကျမှ အပုပ်နံ့ထွက်လာလို့ စစ်ဆေးကြည့်လိုက်တော့မှ ဒီလိုဖြစ်နေတာ” လို့ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ညက မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေထဲက လူမနေတာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ ဦးအောင်မောင်းဆိုသူ ပိုင်ဆိုင်တဲ့ နေအိမ်အတွင်းကနေ အဆိုပါအမျိုးသားအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။ 

အပြစ်မဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်သတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ပကဖ (မတ္တရာ) က ဆိုပါတယ်။

ကင်းကျေးရွာမှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ သံဃာတော် ၁ ပါး နဲ့ ပြည်သူ ၄ ဦး ရှိပြီဖြစ်ပြီး မတ္တရာ တမြို့နယ်လုံးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခံရသူအယောက်  ၂၀ အထိ ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up