close

မတ္တရာ၊ ကင်းကျေးရွာတွင် မီးရှို့ခံထားရသည့် အလောင်း ၂ လောင်း ထပ်တွေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းကို ဧပြီ ၁၂ရက်နေ့က ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့ကလည်း ကင်းကျေးရွာသားနှစ်ဦးရဲ့ ရုပ်အလောင်းနှစ်ခုကို တွေ့ရှိခဲ့ရပြီး ဒီ မနက် အစောပိုင်းမှာ ရုပ်အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ တွေ့တဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ပကဖ(မတ္တရာ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မီးရှို့ခံရတဲ့ အိမ်ရှင် မိသားစုတွေ မဟုတ်ဘူး။ မဟုတ်ဘူးဆိုတော့ စကစကပဲ ဖမ်းဆီးပြီးတော့ သတ်ပြီးမှ မီးရှို့လိုက်တာလား၊ ဒါမှ မဟုတ်ဘူးဆိုရင် ဖမ်းထားတဲ့လူတွေကို အရှင်လတ်လတ်ပဲ မီးရှို့သလားဆိုတာတော့ ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။

ကင်းကျေးရွာက နေအိမ်ငါးလုံးကို ဧပြီ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် အဆိုပါ မီးလောင်ပြင်တွေကြားထဲကနေ အပုပ်နံ့တွေ ထွက်လာတာကြောင့် ‌ရှာဖွေချိန်မှာ ရုပ်အလောင်း ၂ လောင်း မနေ့က တွေ့ရှိခဲ့ရတာပါ။

လတ်တလောမှာတော့ ကင်းကျေးရွာမှာ နေထိုင်သူ မရှိသလောက်နီးနီး စွန့်ခွာသွားကြပြီလို့ သိရပါတယ်။ ကင်းကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ လေးထောင်ကျော် နေထိုင်တယ်လို့ သိရပါတယ်။

ကင်းကျေးရွာမှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ သံဃာတော် ၁ ပါး နဲ့ ပြည်သူ ၆ ဦး ရှိပြီဖြစ်ပြီး မတ္တရာ တမြို့နယ်လုံးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခံရသူအယောက်  ၂၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up