ဆောက်သမ်တန်အသင်းနဲ့ ကန်မယ့်ပွဲစဉ်မှာ ကွင်းလယ်ကစားသမားသစ် ကတ်စမဲရိုး ပါဝင်ကစားဖို့အသင့်ရှိကြောင်း မန်ယူနိုက်တက်နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ မနက်ဖန် စနေနေ့ ညနေ ၆ နာရီမှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
ကတ်စမဲရိုးဟာ အသင်းနဲ့ ပူးပေါင်းတာရက်ပိုင်းပဲရှိသေးပေမဲ့ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပါဝင်ကစားနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားတာပါ။
“ကတ်စမဲရိုး ပါဝင်ကစားဖို့အသင့်ပါပဲ။ လေ့ကျင့်ရေး အစီအစဉ်အားလုံးကို သူလုပ်ထားတယ်။ တစ်ဦးချင်း လေ့ကျင့်ခဲ့ပြီးနောက် အသင်းနဲ့အတူလည်းလေ့ကျင့်နိုင်ခဲ့တယ်”လို့ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
တိုက်စစ်မှူး မာစီယယ်ကတော့ ဒဏ်ရာအခြေအနေ အရှင်းမပျောက်သေးတဲ့အတွက် ပါဝင်ကစားနိုင်ဖို့မသေချာကြောင်းလည်း နည်းပြတန်ဟတ်ဂ်က သသိပေးသွားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဆီကို တချိန်မှာပြန်လာဖို့မျှော်လင့်ကြောင်း ပရိသတ်တွေဆီကို နှုတ်ဆက်စာ မှာ ကွင်းလယ်လူ ကတ်စမဲရိုးက ရေးသားထားပါတယ်။
အသက် ၃၀ အရွယ် ဘရာဇီးကွင်းလယ်လူဟာ မန်ယူအသင်းဆီကို ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။
မန်ယူအသင်းဘက်က အတည်ပြုပြီးချိန်မှာတော့ ကတ်စမဲရိုးက ရီးရဲလ်ပရိသတ်တွေကို နှုတ်ဆက်စာရေးသားခဲ့ပါတယ်။
သူ့ရဲ့နှုတ်ဆက်စာထဲမှာ သူ့ရဲ့အိမ်လိုအမြဲတမ်းလွမ်းဆွတ်နေမယ့် မက်ဒရစ်အသင်းဆီကို တချိန်မှာပြန်လာဖို့ မျှော်လင့်ကြောင်း၊ ဘဝရဲ့အခမ်းနားဆုံးဖြစ်ရပ်တွေကို မက်ဒရစ်အသင်းနဲ့ အတူဖြတ်သန်းခဲ့ကြောင်း၊ မက်ဒရစ်ရဲ့ကျေးဇူးက ဘဝထောင်ချီဆပ်မယ်ဆိုရင်တောင် မကျေနိုင် ကြောင်း ကတ်စမဲရိုးက ရေးသားခဲ့ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်ကတည်းက ဆာအိုပေါ်လိုအသင်းကနေ ပြောင်းရွှေ့လာပြီး ရီးရဲလ်အတွက် စုစုပေါင်း ၃၃၆ ပွဲကစားပေးခဲ့ပါတယ်။