ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဆက်ဆံရေးကြောင့် မဟုတ်ကြောင်း ကန်ဆယ်လိုက ပြောပါတယ်။
ဘယ်နောက်ခံလူ ကန်ဆယ်လိုဟာ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲထွက်ခွင့်မရ ဖြစ်ခဲ့ပြီးနောက် နည်းပြဂွါဒီယိုလာနဲ့ အချင်းများခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်ဘက်က ပေါင် ၆၁ သန်းခွဲနဲ့ အပြီးသတ်ခေါ်ယူခွင့် ရှိပါတယ်။
ဘိုင်ယန်နဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မန်စီးတီးကနေ ထွက်ခွာလာခဲ့တာဟာ ပွဲထွက်ခွင့်မရခဲ့လို့သာဖြစ်ပြီး နည်းပြဂွါဒီယိုလာနဲ့ ဆက်ဆံရေး မပြေမှုတွေကြောင့်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ကြီးမားတဲ့ သမိုင်းအစဉ်အလာရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ စိန်ခေါ်မှုအသစ်တွေကို စတင်သွားချင်ပြီး အဲဒါက သူ့ရဲအိပ်မက်တခုဖြစ်တယ်လို့ ကန်ဆယ်လိုက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောသွားပါတယ်။
ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုဟာ နည်းပြဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘိုင်ယန်မြူနစ်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။
ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ဟာ ဘောလုံးပရိသတ်တွေကြားအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတွင်းသတင်းတွေအရ လေ့ကျင့်ရေးကွင်းမှာ နည်းပြဂွါဒီယိုလာနဲ့ ကန်ဆယ်လိုတို့ အချင်းများခဲ့ကြတာကနေ စတင်ခဲ့တာလို့သိရပါတယ်။
ကန်ဆယ်လိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီးနောက် ပွဲကစားချိန်ပိုရဖို့ တောင်းဆိုရာကနေ စကားများခဲ့ပြီး အသင်းကနေထွက်ခွာမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် ဘိုင်ယန်မြူနစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို မန်စီးတီးကော၊ ကန်ဆယ်လိုကပါ လက်ခံပြီး အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တာလို့သိရပါတယ်။
ဘိုင်ယန်ဟာ ရာသီကုန်ဆုံးချိန်မှာပေါင် ၆၁ သန်းနဲ့ ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူခွင့်ပါ ပါရှိတယ်လို့သိရပါတယ်။