၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက် ဒီကနေ့ညမှာ အုပ်စု (အေ)က အိမ်ရှင် ကာတာအသင်းနဲ့ အီကွေဒေါအသင်းတို့ အယ်ဘေ့ဘတ် အားကစားကွင်းကြီးမှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံးရဲ့ နည်းပြတွေကတော့ အခုပွဲစဉ်အတွက် အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အီကွေဒေါနည်းပြကတော့ အိမ်ရှင်ကာတာအသင်းဟာ တောင့်တင်းပြီး ကစားရခက်တဲ့အသင်း ဖြစ်တာကြောင့် ပွဲပြီးတဲ့အထိ အာရုံစိုက် ကစားသွားရမှာပါလို့ ပြာပါတယ်။
အုပ်စု (အေ)မှာ ကာတာ ၊ အီကွေဒေါ၊ နယ်သာလန်နဲ့ ဆီနီဂေါအသင်းတို့ ပါ၀င်ပါတယ်။
ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်း ယှဉ်ပြိုင်ကြမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ပဲလိုတော့တဲ့အချိန်မှာ အိမ်ရှင်ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ဩဂုတ် ၁၁ ရက်က ဘောလုံးပရိသတ်တွေ ဘောလုံးစွမ်းရည်ပြသခဲ့ကြပါတယ်။
ဒီအစီအစဉ်ကတော့ ရှော့ပင်းမောတွေမှာ လူကြီး လူငယ် မရွေး၊ ဘောလုံးချစ်တဲ့ ဘယ်သူမဆို အားလုံးပါဝင်နိုင်တဲ့ အစီအစဉ်မျိုး ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိအောင် ကန်နိုင်သလား၊ အခက်အခဲတွေကို ပညာသားပါပါ ကျော်နိုင်မလား ခြေစမ်းနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒီပွဲမှာပဲ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကြည့်ခွင့်ရမယ့် လက်မှတ်တွေ မဲဖောက်ပေးပါတယ်။ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်နေ့ အခမ်းအနားနဲ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး ဖွင့်ပွဲနေ့မှာပဲ အိမ်ရှင် ကာတာနဲ့ အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။