close

ကာတာ ကမ္ဘာ့ဖလား

close

November 15, 2022

ကာတာ ကမ္ဘာ့ဖလားတွင် ရေပန်းစားသည့်အသင်းများ - ဘရာဇီး

ချန်ပီယံဆုများရှင် ဘရာဇီးအသင်း

ဘရာဇီးလက်ရွေးစင်အသင်းဟာ ကျင်းပခဲ့ပြီးသမျှ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို ချန်ပီယံဖလား ၅ ကြိမ်နဲ့ အများဆုံးဆွတ်ခူးထားတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိလည်း ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းအသင်းတသင်းအဖြစ် ရပ်တည်နေသလို ပါရမီရှင် ‌ဘောလုံးမျိုးဆက်လည်း မပြတ်ခဲ့ဘဲ ပီလီခေတ်ကစလို့ အခု နေမာခေတ်အထိ စဉ်ဆက်မပြတ် ရှိနေတာပါ။

ဘရာဇီးအသင်းဟာ ကစားသမားရင်းမြစ် ကြွယ်ဝတဲ့အတွက်လည်း လက်ရွေးစင် အသင်းအတွက် ‌ရေးချယ်ရာမှာ နည်းပြ တိထီအတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေ များပြားလှတဲ့အတွက် ကာတာကို ဘယ်သူ့ခေါ်သွားမလဲဆိုတာ အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတာပါ။ 

ဘရာဇီးအသင်းဟာ ကမ္ဘာ့ထိပ်တန်းအသင်းကြီးပီပီ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ အာဂျင်တီးနား၊ ဥရုဂွေး၊ အီကွေ‌ဒေါတို့နဲ့ အတူ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေမှာ ဘရာဇီးအသင်းဟာ တိုက်စစ်က ဂိုးပေါင်း ၄၀ တိတိသွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ၅ ဂိုးပဲ ရှိခဲ့အတွက် တိုက်စစ်က အကောင်းဆုံး ဂိုးသွင်းယူနိုင်သလို ခံစစ်ကလည်း လုံခြုံခဲ့တယ်လို့ ပြောရမှာပါ။

ဒါပေမဲ့ လက်ရှိ ဘရာဇီးနောက်တန်းမှာ နည်းပြ တိထီ ရွေးထားတဲ့ ဝါရင့်ခံစစ်မှူး နှစ်ယောက်ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား (၃၈ နှစ်) နဲ့ ဒန်နီ အဲလ်ဗက်စ် (၃၉ နှစ်) တို့ရဲ့ အသက်အရွယ်အရ လျှင်မြန်တဲ့ တိုက်စစ်မှူးတွေကို ဟန့်တားနိုင်ဖို့တော့ သံသယဖြစ်စရာ ရှိနေပါတယ်။ ဒါကြောင့်ပဲ ဘရာဇီးအသင်းဟာ သူတို့ရဲ့ဟန်ပန်အတိုင်း အကောင်းဆုံးတိုက်စစ်မှူးတွေရဲ့ အရည်အသွေးနဲ့ တဖက်အသင်းကို ဖိအားပေး ဂိုးတွေရယူနိုင်ဖို့ ကြိုးစားပြီး ခံစစ်ကို ဖာထေးနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ တိထီကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်းမှာ ဂိုးသမား ၃ ယောက်၊ နောက်တန်း ၈ ယောက်၊ အလယ်တန်း ၆ ယောက်ပဲ ‌ရွေးချယ်ခဲ့ပေမဲ့ ရှေ့တန်းအတွက်တော့ တိုက်စစ်မှူး ၉ ‌ယောက်အထိ ရွေးချယ်ခဲ့တာပါ။

ဘရာဇီးနည်းပြ တိထီဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ဘရာဇီးနည်းပြရာထူးက နုတ်ထွက်‌တော့မယ်လို့ ပြောထားတဲ့အတွက် နောက်ဆုံးဖလားရခဲ့တဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း အနှစ် ၂၀ အကြာမှာ ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ပြီး အမှတ်တရ  ဖြစ်လာစေမလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဂျီ မှာ ကင်မရွန်း၊ ဆားဘီးယား၊ ဆွစ်ဇာလန်တို့အတူ ကျရောက်နေပြီး နိုဝင်ဘာ ၂၅ ရက်မှာ ဆားဘီးယား၊ နိုဝင်ဘာ ၂၉ ရက်မှာ ဆွစ်ဇာလန်၊ ဒီဇင်ဘာ ၃ ရက်မှာ ကင်မရွန်းတို့နဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်း

ဂိုး - အယ်လစ်ဆန် (လီဗာပူး)၊ အီဒါဆန် (မန်စီးတီး)၊ ဝီဗာတန် (ပါးလ်မီးရပ်စ်)

နောက်တန်း - မာကွင်ဟို (ပီအက်စ်ဂျီ)၊ မီလီတို (ရီးရဲလ်မက်ဒရစ်)၊ သီယာဂိုဆေးလ်ဗား (ချဲလ်ဆီး)၊ ဒန်နီလို (ဂျူဗင်တပ်)၊ အဲလက်စ် တဲလက်စ် (ဆီဗီလာ)၊ ဒန်နီ အဲလ်ဗက်စ် (Pumas UNAM)၊ အဲလက်စ် ဆန်ဒရို (ဂျူဗင်တပ်)၊ ဘရီမာ (ဂျူဗင်တပ်)

အလယ်တန်း - ဖာဘင်ဟို (လီဗာပူး)၊ ကက်စ်မဲရိုး (မန်ယူ)၊ ဘရူနို ဂွီမာရေးစ် (နယူးကာဆယ်)၊ ဖရက်ဒ် (မန်ယူ)၊ လူးကပ်စ် ပါကွီတာ (ဝက်စ်ဟမ်း)၊ အဲဗာတန် (ဖလာမင်ဂို)၊ 

ရှေ့တန်း - မာတင်နယ်လီ (အာဆင်နယ်)၊ ‌ဂျေဇူး (အာဆင်နယ်)၊ ဗင်နီးစီးယပ်စ် (ရီးရဲလ်မက်ဒရစ်)၊ ရိုဒရီဂို (ရီးရဲလ်မက်ဒရစ်)၊ နေမာ (ပီအက်စ်ဂျီ)၊ အန်တိုနီ (မန်ယူ)၊ ရာဖင်ဟာ (ဘာစီလိုနာ)၊ ရစ်ချ်ချာလီဆန် (တော့တင်ဟမ်ဟော့စပါး)၊ ပက်ဒရို (ဖလာမင်ဂို)

မောင်လူစိမ်း

Photo -CBF

59 mins Ago

November 14, 2022

ကာတာ ကမ္ဘာ့ဖလားတွင် ရေပန်းစားသည့်အသင်းများ - ပြင်သစ်

လက်ရှိချန်ပီယံ ပြင်သစ်အသင်း

ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက် စတင်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတသင်း ဖြစ်နေပါတယ်။

ပြင်သစ်အသင်းဟာ ကာလရှည် ပဲ့ကိုင်ရှင် နည်းပြ ဒေးရွှမ့်လက်ထက်မှာ အောင်မြင်မှုတွေ အတော်အတန်ရရှိထားပြီး ၂၀၁၈ ကမ္ဘာ့ဖလား သိမ်းပိုက်နိုင်ပြီးနောက် နေးရှင်းလိဂ်မှာပါ ဗိုလ်စွဲခဲ့တဲ့အတွက် ပြင်သစ်အသင်းရဲ့ ရေပန်းစားမှုအပေါ် အထူးအထွေ ပြောစရာရှိမယ် မထင်ပါဘူး။

ဒါပေမဲ့ လတ်တလော ပြင်သစ်အသင်းရဲ့ အခြေအနေကတော့ မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာတော့ မျှော်မှန်းထားသလို အခြေမလှဘဲ ဖြစ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာလည်း ပြင်သစ်အသင်းဟာ အုပ်စုပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ တပွဲပဲ အနိုင်ရခဲ့ပြီး နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းအတွက် အဖြေထုတ်ရမယ့် ပုစ္ဆာတပုဒ် ဖြစ်သလို ဒါကို အမြန်ဆုံး‌ ဖြေရှင်းနိုင်ဖို့လည်း နည်းပြ ဒေးရွှမ့်မှာ တာဝန်ရှိနေပါတယ်။

ဒါ့အပြင် လတ်တလော အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ကန်တေ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပွဲနဲ့ လွဲချော်ခဲ့ရတာကလည်း ပြင်သစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နည်းပြ ဒေးရွှမ့်ဟာ ကွင်းလယ်အတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဖိုဖာနာတို့ကို ထည့်သွင်းရွေးချယ်ပြီး ဝါရင့် ကစားသမားတွေဖြစ်တဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယူ၊ မာဆေးကွင်းလယ်လူ ဗာရက်တူတို့နဲ့ တွဲဖက်ပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။ ချူအာမန်နီ၊ ကာမာဗင်ဂါနဲ့ ဖိုဖာနာတို့ဟာ သူတို့ကလပ်အသင်းတေွမှာ ခြေစွမ်းပြနေကြတယ်ဆိုပေမဲ့ ကမ္ဘာ့ဖလားလိုပွဲမျိုးမှာ လက်ရှိခြေစွမ်းအတိုင်း ကစားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ အားအကောင်းဆုံးကတော့ တိုက်စစ်စုဖွဲ့မှုလို့ ပြောနိုင်ပြီး အသက်အရွယ်ရလာပေမဲ့ လက်ရှိအချိန်အထိ သက်ဆုိင်ရာ ကလပ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဂျရူး၊ ဘန်ဇီမာနဲ့ ဂရစ်ဇ်မန်းတို့ကို အမ်ဘာပေ၊ ဒမ်ဘီလီ၊ အန်ကွန်ကူတို့နဲ့ တွဲဖက်အသုံးပြုလာမှာြဖစ်ပြီး ပြိုင်ဘက်အသင်းတွေ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၈ ခုနှစ်ပြိုင်ပွဲနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲ နှစ်ကြိမ် ဗိုလ်စွဲထားပါတယ်။

လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ခြောက်လှန့်နေတဲ့ အရာကတော့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၀၂ ပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ အွန်နရီ၊ ဇီဒန်း၊ ဗီအယ်ရာ၊ ပီတစ်၊ သူရမ်၊ ဘားသက်ဇ်တို့နဲ့ ပွဲထွက်ခဲ့ပေမဲ့ အုပ်စုအဆင့်မှာ တပွဲမှ အနိုင်မရဘဲ တပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ 

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ အုပ်စု ဒီ မှာ ဒိန်းမတ်၊ တူနီးရှား၊ သြစတြေးလျတို့နဲ့ အတူကျရောက်နေတာပါ။ ပြင်သစ်အသင်းဟာ အခုနှစ်ထဲ ယှဉ်ပြိုင်ခဲ့ရတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုနှစ် ကာတာ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဒိန်းမတ်အသင်းကို ရှုံးကျွေးဆပ်ပြီး နောက်တဆင့်တက်နိုင်မလား၊ ခြေစွမ်းကောင်းနေတဲ့ ဒိန်းမတ်ကို ရှုံးကျွေးထပ်တင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း

ဂိုး - ဟူဂို လိုရစ် (တော့တင်ဟမ်ဟော့စပါး)၊ စတိဗ် မန်ဒန်ဒါ (ရန်းစ်)၊ အယ်လ်ဖွန်ဆီ အာရီယိုလာ (ဝက်စ်ဟမ်း)

နောက်တန်း - ဗာရန်း (မန်ယူ)၊ ပါဗာ့ (ဘိုင်ယန်မြူးနစ်)၊ လူးကပ်စ် ဟာနန်းဒက်စ် (ဘိုင်ယန်မြူးနစ်)၊ ကင်မ်ပန်ဘီ (ပီအက်စ်ဂျီ)၊ ခွန်ဒဲ (ဘာစီလိုနာ)၊ သီယို ဟာနန်းဒက်စ် (မီလန်)၊ ဆာလီဘာ (အာဆင်နယ်)၊ အူပါမီကာနို (ဘိုင်ယန်မြူးနစ်)၊ ကိုနာတေး (လီဗာပူး)

အလယ်တန်း - ရာဘီယူ (ဂျူဗင်တပ်)၊ ချူအာမန်နီ (ရီးရဲလ်မက်ဒရစ်)၊ ဂွမ်ဒူဇီ (မာဆေး)၊ ‌ဗာရက်တူ (မာဆေး)၊ ကာမာဗင်ဂါ (ရီးရဲလ်မက်ဒရစ်)၊ ဖိုဖာနာ (မိုနာကို)၊

ရှေ့တန်း - ဂျရူး (မီလန်)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)၊ ဘန်ဇီမာ (ရီးရဲလ်မက်ဒရစ်)၊ အမ်ဘာပေ (ပီအက်စ်ဂျီ)၊ ကိုးမန်း (ဘိုင်ယန်မြူးနစ်)၊ ဒမ်ဘီလီ (ဘာစီလိုနာ)၊ အန်ကွန်ကူ (လိုက်ပ်ဇစ်)

ပြင်သစ်အသင်း အုပ်စုပွဲစဉ်များ

နိုဝင်ဘာ ၂၂၊ ပြင်သစ် - သြစတြေးလျ

နိုဝင်ဘာ ၂၆၊ ပြင်သစ် - ဒိန်းမတ်

နိုဝင်ဘာ ၃၀၊ ပြင်သစ် - တူနီးရှား

မောင်လူစိမ်း

22 hours Ago
Up