ကာတာ ကမ္ဘာ့ဖလားတွင် ရေပန်းစားသည့်အသင်းများ – ဘရာဇီး

ချန်ပီယံဆုများရှင် ဘရာဇီးအသင်း
ဘရာဇီးလက်ရွေးစင်အသင်းဟာ ကျင်းပခဲ့ပြီးသမျှ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို ချန်ပီယံဖလား ၅ ကြိမ်နဲ့ အများဆုံးဆွတ်ခူးထားတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိလည်း ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းအသင်းတသင်းအဖြစ် ရပ်တည်နေသလို ပါရမီရှင် ဘောလုံးမျိုးဆက်လည်း မပြတ်ခဲ့ဘဲ ပီလီခေတ်ကစလို့ အခု နေမာခေတ်အထိ စဉ်ဆက်မပြတ် ရှိနေတာပါ။
ဘရာဇီးအသင်းဟာ ကစားသမားရင်းမြစ် ကြွယ်ဝတဲ့အတွက်လည်း လက်ရွေးစင် အသင်းအတွက် ရေးချယ်ရာမှာ နည်းပြ တိထီအတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေ များပြားလှတဲ့အတွက် ကာတာကို ဘယ်သူ့ခေါ်သွားမလဲဆိုတာ အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတာပါ။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ထိပ်တန်းအသင်းကြီးပီပီ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ အာဂျင်တီးနား၊ ဥရုဂွေး၊ အီကွေဒေါတို့နဲ့ အတူ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေမှာ ဘရာဇီးအသင်းဟာ တိုက်စစ်က ဂိုးပေါင်း ၄၀ တိတိသွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ၅ ဂိုးပဲ ရှိခဲ့အတွက် တိုက်စစ်က အကောင်းဆုံး ဂိုးသွင်းယူနိုင်သလို ခံစစ်ကလည်း လုံခြုံခဲ့တယ်လို့ ပြောရမှာပါ။
ဒါပေမဲ့ လက်ရှိ ဘရာဇီးနောက်တန်းမှာ နည်းပြ တိထီ ရွေးထားတဲ့ ဝါရင့်ခံစစ်မှူး နှစ်ယောက်ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား (၃၈ နှစ်) နဲ့ ဒန်နီ အဲလ်ဗက်စ် (၃၉ နှစ်) တို့ရဲ့ အသက်အရွယ်အရ လျှင်မြန်တဲ့ တိုက်စစ်မှူးတွေကို ဟန့်တားနိုင်ဖို့တော့ သံသယဖြစ်စရာ ရှိနေပါတယ်။ ဒါကြောင့်ပဲ ဘရာဇီးအသင်းဟာ သူတို့ရဲ့ဟန်ပန်အတိုင်း အကောင်းဆုံးတိုက်စစ်မှူးတွေရဲ့ အရည်အသွေးနဲ့ တဖက်အသင်းကို ဖိအားပေး ဂိုးတွေရယူနိုင်ဖို့ ကြိုးစားပြီး ခံစစ်ကို ဖာထေးနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ တိထီကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်းမှာ ဂိုးသမား ၃ ယောက်၊ နောက်တန်း ၈ ယောက်၊ အလယ်တန်း ၆ ယောက်ပဲ ရွေးချယ်ခဲ့ပေမဲ့ ရှေ့တန်းအတွက်တော့ တိုက်စစ်မှူး ၉ ယောက်အထိ ရွေးချယ်ခဲ့တာပါ။
ဘရာဇီးနည်းပြ တိထီဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ဘရာဇီးနည်းပြရာထူးက နုတ်ထွက်တော့မယ်လို့ ပြောထားတဲ့အတွက် နောက်ဆုံးဖလားရခဲ့တဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း အနှစ် ၂၀ အကြာမှာ ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ပြီး အမှတ်တရ ဖြစ်လာစေမလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဂျီ မှာ ကင်မရွန်း၊ ဆားဘီးယား၊ ဆွစ်ဇာလန်တို့အတူ ကျရောက်နေပြီး နိုဝင်ဘာ ၂၅ ရက်မှာ ဆားဘီးယား၊ နိုဝင်ဘာ ၂၉ ရက်မှာ ဆွစ်ဇာလန်၊ ဒီဇင်ဘာ ၃ ရက်မှာ ကင်မရွန်းတို့နဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်း
ဂိုး - အယ်လစ်ဆန် (လီဗာပူး)၊ အီဒါဆန် (မန်စီးတီး)၊ ဝီဗာတန် (ပါးလ်မီးရပ်စ်)
နောက်တန်း - မာကွင်ဟို (ပီအက်စ်ဂျီ)၊ မီလီတို (ရီးရဲလ်မက်ဒရစ်)၊ သီယာဂိုဆေးလ်ဗား (ချဲလ်ဆီး)၊ ဒန်နီလို (ဂျူဗင်တပ်)၊ အဲလက်စ် တဲလက်စ် (ဆီဗီလာ)၊ ဒန်နီ အဲလ်ဗက်စ် (Pumas UNAM)၊ အဲလက်စ် ဆန်ဒရို (ဂျူဗင်တပ်)၊ ဘရီမာ (ဂျူဗင်တပ်)
အလယ်တန်း - ဖာဘင်ဟို (လီဗာပူး)၊ ကက်စ်မဲရိုး (မန်ယူ)၊ ဘရူနို ဂွီမာရေးစ် (နယူးကာဆယ်)၊ ဖရက်ဒ် (မန်ယူ)၊ လူးကပ်စ် ပါကွီတာ (ဝက်စ်ဟမ်း)၊ အဲဗာတန် (ဖလာမင်ဂို)၊
ရှေ့တန်း - မာတင်နယ်လီ (အာဆင်နယ်)၊ ဂျေဇူး (အာဆင်နယ်)၊ ဗင်နီးစီးယပ်စ် (ရီးရဲလ်မက်ဒရစ်)၊ ရိုဒရီဂို (ရီးရဲလ်မက်ဒရစ်)၊ နေမာ (ပီအက်စ်ဂျီ)၊ အန်တိုနီ (မန်ယူ)၊ ရာဖင်ဟာ (ဘာစီလိုနာ)၊ ရစ်ချ်ချာလီဆန် (တော့တင်ဟမ်ဟော့စပါး)၊ ပက်ဒရို (ဖလာမင်ဂို)
မောင်လူစိမ်း
Photo -CBF