close

ကာတာ ကမ္ဘာ့ဖလားတွင် ရေပန်းစားသည့်အသင်းများ – ၁

လက်ရှိချန်ပီယံ ပြင်သစ်အသင်း

ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက် စတင်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတသင်း ဖြစ်နေပါတယ်။

ပြင်သစ်အသင်းဟာ ကာလရှည် ပဲ့ကိုင်ရှင် နည်းပြ ဒေးရွှမ့်လက်ထက်မှာ အောင်ြမင်မှုတွေ အတော်အတန်ရရှိထားပြီး ၂၀၁၈ ကမ္ဘာ့ဖလား သိမ်းပိုက်နိုင်ပြီးနောက် နေးရှင်းလိဂ်မှာပါ ဗိုလ်စွဲခဲ့တဲ့အတွက် ပြင်သစ်အသင်းရဲ့ ရေပန်းစားမှုအပေါ် အထူးအထွေ ပြောစရာရှိမယ် မထင်ပါဘူး။

ဒါပေမဲ့ လတ်တလော ပြင်သစ်အသင်းရဲ့ အခြေအနေကတော့ မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာတော့ မျှော်မှန်းထားသလို အခြေမလှဘဲ ဖြစ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာလည်း ပြင်သစ်အသင်းဟာ အုပ်စုပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ တပွဲပဲ အနိုင်ရခဲ့ပြီး နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းအတွက် အဖြေထုတ်ရမယ့် ပုစ္ဆာတပုဒ်ြဖစ်သလို ဒါကို အမြန်ဆုံး‌ ဖြေရှင်းနိုင်ဖို့လည်း နည်းပြ ဒေးရွှမ့်မှာ တာဝန်ရှိနေပါတယ်။

ဒါ့အပြင် လတ်တလော အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ကန်တေ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပွဲနဲ့ လွဲချော်ခဲ့ရတာကလည်း ပြင်သစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နည်းပြ ဒေးရွှမ့်ဟာ ကွင်းလယ်အတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဖိုဖာနာတို့ကို ထည့်သွင်းရွေးချယ်ပြီး ဝါရင့် ကစားသမားတွေဖြစ်တဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယူ၊ မာဆေးကွင်းလယ်လူ ဗာရက်တူတို့နဲ့ တွဲဖက်ပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။ ချူအာမန်နီ၊ ကာမာဗင်ဂါနဲ့ ဖိုဖာနာတို့ဟာ သူတို့ကလပ်အသင်းတေွမှာ ခြေစွမ်းပြနေကြတယ်ဆိုပေမဲ့ ကမ္ဘာ့ဖလားလိုပွဲမျိုးမှာ လက်ရှိခြေစွမ်းအတိုင်း ကစားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ အားအကောင်းဆုံးကတော့ တိုက်စစ်စုဖွဲ့မှုလို့ ပြောနိုင်ပြီး အသက်အရွယ်ရလာပေမဲ့ လက်ရှိအချိန်အထိ သက်ဆုိင်ရာ ကလပ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဂျရူး၊ ဘန်ဇီမာနဲ့ ဂရစ်ဇ်မန်းတို့ကို အမ်ဘာပေ၊ ဒမ်ဘီလီ၊ အန်ကွန်ကူတို့နဲ့ တွဲဖက်အသုံးပြုလာမှာြဖစ်ပြီး ပြိုင်ဘက်အသင်းတွေ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၈ ခုနှစ်ပြိုင်ပွဲနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲ နှစ်ကြိမ် ဗိုလ်စွဲထားပါတယ်။

လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ခြောက်လှန့်နေတဲ့ အရာကတော့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၀၂ ပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ အွန်နရီ၊ ဇီဒန်း၊ ဗီအယ်ရာ၊ ပီတစ်၊ သူရမ်၊ ဘားသက်ဇ်တို့နဲ့ ပွဲထွက်ခဲ့ပေမဲ့ အုပ်စုအဆင့်မှာ တပွဲမှ အနိုင်မရဘဲ တပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ 

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ အုပ်စု ဒီ မှာ ဒိန်းမတ်၊ တူနီးရှား၊ သြစတြေးလျတို့နဲ့ အတူကျရောက်နေတာပါ။ ပြင်သစ်အသင်းဟာ အခုနှစ်ထဲ ယှဉ်ပြိုင်ခဲ့ရတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကေျာ့စလုံး ရှုံ‌းနိမ့်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုနှစ် ကာတာ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဒိန်းမတ်အသင်းကို ရှုံးကျွေးဆပ်ပြီး နောက်တဆင့်တက်နိုင်မလား၊ ခြေစွမ်းကောင်းနေတဲ့ ဒိန်းမတ်ကို ရှုံးကျွေးထပ်တင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ြဖစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း

ဂိုး - ဟူဂို လိုရစ် (တော့တင်ဟမ်ဟော့စပါး)၊ စတိဗ် မန်ဒန်ဒါ (ရန်းစ်)၊ အယ်လ်ဖွန်ဆီ အာရီယိုလာ (ဝက်စ်ဟမ်း)

နောက်တန်း - ဗာရန်း (မန်ယူ)၊ ပါဗာ့ (ဘိုင်ယန်မြူးနစ်)၊ လူးကပ်စ် ဟာနန်းဒက်စ် (ဘိုင်ယန်မြူးနစ်)၊ ကင်မ်ပန်ဘီ (ပီအက်စ်ဂျီ)၊ ခွန်ဒဲ (ဘာစီလိုနာ)၊ သီယို ဟာနန်းဒက်စ် (မီလန်)၊ ဆာလီဘာ (အာဆင်နယ်)၊ အူပါမီကာနို (ဘိုင်ယန်မြူးနစ်)၊ ကိုနာတေး (လီဗာပူး)

အလယ်တန်း - ရာဘီယူ (ဂျူဗင်တပ်)၊ ချူအာမန်နီ (ရီးရဲလ်မက်ဒရစ်)၊ ဂွမ်ဒူဇီ (မာဆေး)၊ ‌ဗာရက်တူ (မာဆေး)၊ ကာမာဗင်ဂါ (ရီးရဲလ်မက်ဒရစ်)၊ ဖိုဖာနာ (မိုနာကို)၊

ရှေ့တန်း - ဂျရူး (မီလန်)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)၊ ဘန်ဇီမာ (ရီးရဲလ်မက်ဒရစ်)၊ အမ်ဘာပေ (ပီအက်စ်ဂျီ)၊ ကိုးမန်း (ဘိုင်ယန်မြူးနစ်)၊ ဒမ်ဘီလီ (ဘာစီလိုနာ)၊ အန်ကွန်ကူ (လိုက်ပ်ဇစ်)

ပြင်သစ်အသင်း အုပ်စုပွဲစဉ်များ

နိုဝင်ဘာ ၂၂၊ ပြင်သစ် - သြစတြေးလျ

နိုဝင်ဘာ ၂၆၊ ပြင်သစ် - ဒိန်းမတ်

နိုဝင်ဘာ ၃၀၊ ပြင်သစ် - တူနီးရှား

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up