close

ကားခိုးမှု

close

November 17, 2022

မဲဆောက်တွင် ဘုန်းကြီး ၁ ပါး ကား ၂ စီးခိုးယူထွက်ပြေးပြီး ယာဉ်တိုက်မှုဖြစ်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ နိုဝင်ဘာ ၁၇ ရက် မနေ့ညနေက ကျောင်းတိုက်တတိုက်ရှိ ဦးပဥ္စင်း တပါးက ဒါယကာတွေရဲ့ ကားကို  ခိုးယူမောင်းပြီး ထွက်ပြေးသွားလို့ ထိုင်းရဲတွေက လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီလောက်က မဲဆောက်မြို့ ဘန့်မွန့်ဟင်ရပ်ကွက် ဘော်လုတ်ရန်းကျောင်းတိုက်မှာ အလှူလာလုပ်တဲ့ ရွေအိုရောင်ဟိုင်းလပ်စ်ကား တစီးကို ဦးပဥ္စင်း  မောင်းပြီး ထွက်ပြေးသွားတယ်လို့ အကြောင်းကြားတဲ့အတွက် လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေခဲ့ကြတယ်လို့ မဲဆောက်မြို့မရဲစခန်း တာဝန်ကျရဲမှူးက ပြောပါတယ်။ 

ကားပိုင်ရှင်က ဘုန်းကြီးကျောင်းမှာအလှူလာလုပ်ဖို့ ကားခဏရပ်ထားပြီး သော့တန်းလန်းနဲ့ ထားခဲ့ရာ ဦးပဥ္စင်းက တက်မောင်းခဲ့ကြောင်း၊ ကားပိုင်ရှင်က နောက်ကလိုက်သွားပေမယ့် လမ်းခုလပ်မှာ မျက်ခြည်ပြတ်သွားတာကြောင့် ရဲကိုတိုင်လိုက်တာလို့ ဆိုပါတယ်။ 

ရဲတွေက လိုက်လံစစ်ဆေးရာမှာ ဦးပဥ္စင်းဟာ ကားကို မဲဆောက်-ဖုပ်ဖရသွားကားလမ်းဘက် အကွာအဝေး ၂၀ ကီလိုမီတာအထိ မောင်းသွားကြောင်း၊ အဲဒီနောက် ကားအဟောင်း အရောင်းဆိုင်တခုရဲ့ ကားပါကင်ထဲထိုးရပ်လိုက်ပြီး အနားမှာရှိတဲ့ ခရမ်းရောင် နောက်ထပ် ဆလွန်းကား တစီးကို ထပ်ခိုးယူကာ မဲဆောက်မြို့ထဲ ပြန်မောင်းလာပါတယ်။ 

ရဲတွေကလည်း သူ့နောက် ထက်ကြပ်မကွာလိုက်လာစဉ် မဲဆောက်ဆေးရုံကြီးအနီးမှာ သူ့ကားဟာ အရှေ့ကားမောင်းနေတဲ့ ဟိုင်းလပ်စ်ကား တစီးကို ဝင်တိုက်မိပြီး ကားစက်လည်းရပ်သွားပါတယ်။ 

ရဲတွေက အဲဒီကားကို ဝိုင်းပိတ်ဆို့ပြီး ကားထဲက ဦးပဥ္စင်းကို ထွက်လာဖို့ပြောပေမယ့် တော်တော်နဲ့ တံခါး မဖွင့်ကြောင်း၊  အတန်ကြာညှိနှိုင်းနေချိန် ကားပိုင်ရှင်က နောက်ကလိုက်လာပြီး သူ့မှာရှိတဲ့ ကားသော့အပိုနဲ့ ရီမုဒ်နှိပ်လိုက်မှ တံခါးပွင့်သွားပြီး ဦးပဥ္စင်းကို ဖမ်းဆီးလိုက်ပါတယ်။ 

သူ့ရဲ့လွယ်အိတ်ထဲမှာလည်း ဘတ်ငွေထောင်တန်အနည်းငယ်နဲ့ ဓားမြောင် တချောင်း တွေ့ ရှိကြောင်း၊ စစ်ဆေးချက်အရ အဆိုပါ ဦးပဥ္စင်း အသက် ၃၄ နှစ်ရွယ်ရှိ အာရိဖရို ခေါ် ဖရဘွိုင်း ဖြစ်ပြီး ထိုင်းအရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီကဖြစ်ကြောင်း၊ သာသနာဘောင်ဝင် ရောက်ကြောင်း တရားဝင်အထောက်အထားရှိပြီး မဲဆောက် ဘော်လုတ်ရန်းကျောင်းတိုက်ကို ရောက်လာတာ ၄ ရက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

ဘာကြောင့် သူများကားကို ယူသွားရလဲလို့ ရဲတွေက မေးရာမှာ “ဆွေမျိုးတွေဆီသွားမလို့” လို့သာဖြေကြားပြီး ကျန်တာတွေတော့ ကောင်းကောင်းမေးလို့မရဘဲ အူလည်လည်ဖြစ်နေတယ်လို့  ဆိုပါတယ်။

တာဝန်ရှိသူတွေက အဆိုပါ ဦးပဥ္စင်းကို မူးယစ်ဆေးသုံးစွဲမှုရှိမရှိ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိမရှိ စစ်ဆေးပြီး လူဝတ်လဲကာ တရားဥပဒေအရ အရေးယူအပြစ်ပေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကိုးကား - news.ch7

3 mins Ago

August 31, 2022

မလေးရှားတွင် မြန်မာနိုင်ငံသား ၁ ဦး ကားခိုးမှုဖြင့် အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပန်ဒန်းပဒါးနားနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုတစ်ခုနဲ့ ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်ကို  ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားရဲက ပြောပါတယ်။ 

ဩဂုတ်လ ၂၈ ရက်  မနက် ၉ နာရီဝန်းကျင်မှာ မလေးရှားနိုင်ငံထုတ်  Proton Iswara  ကားခိုးယူခံရကြောင်း ပိုင်ရှင်က ရဲစခန်းကို သတင်းပို့ခဲ့ပါတယ်။ 

အဲဒီနောက် စုံစမ်းစစ်ဆေးချက်တွေအရ ဩဂုတ်လ ၂၉ ရက်မနက် ၁ နာရီလောက်မှာ ကာဂျန်းမြို့ထဲက တမန်ဆီရီတာမင်းနယ်မြေရှိ ကားပါကင်တစ်ခုထဲမှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ကားကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့  မလေးရှားရဲက ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ သံသယတရားခံမှာ ရာဇဝတ်မှုမှတ်တမ်း ၄ ခုရှိထားပြီး  စိတ်ကြွမူးယစ်ဆေး သုံးစွဲထားကြောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမ်ပန်းမြို့အနီးဝန်းကျင်က ကားခိုးမှုအတော်များများမှာ အခုဖမ်းမိထားသူ ပါဝင်ပတ်သက်နိုင်တယ်လို့သံသယရှိကြောင်းနဲ့ သူဟာများသောအားဖြင့် လူပြတ်တဲ့နေရာတွေမှာ ရပ်ထားတတ်တဲ့ မော်ဒယ်နိမ့်ကားတွေကို ပစ်မှတ်ထားခိုးယူလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။

ဖမ်းဆီးထားသူကို နောက်ထပ်စစ်မေးဖို့အတွက် ဆက်လက်ထိန်းသိမ်းထားဦးမှာဖြစ်ကြောင်းလည်း မလေးရှား The Star သတင်းမှာ ရေးသားဖော်ပြပါတယ်။

Ref- The Star

3 months Ago
Up