မလေးရှားတွင် မြန်မာနိုင်ငံသား ၁ ဦး ကားခိုးမှုဖြင့် အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပန်ဒန်းပဒါးနားနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ကားခိုးမှုတစ်ခုနဲ့ ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားရဲက ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက် မနက် ၉ နာရီဝန်းကျင်မှာ မလေးရှားနိုင်ငံထုတ် Proton Iswara ကားခိုးယူခံရကြောင်း ပိုင်ရှင်က ရဲစခန်းကို သတင်းပို့ခဲ့ပါတယ်။
အဲဒီနောက် စုံစမ်းစစ်ဆေးချက်တွေအရ ဩဂုတ်လ ၂၉ ရက်မနက် ၁ နာရီလောက်မှာ ကာဂျန်းမြို့ထဲက တမန်ဆီရီတာမင်းနယ်မြေရှိ ကားပါကင်တစ်ခုထဲမှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ကားကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ မလေးရှားရဲက ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ သံသယတရားခံမှာ ရာဇဝတ်မှုမှတ်တမ်း ၄ ခုရှိထားပြီး စိတ်ကြွမူးယစ်ဆေး သုံးစွဲထားကြောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမ်ပန်းမြို့အနီးဝန်းကျင်က ကားခိုးမှုအတော်များများမှာ အခုဖမ်းမိထားသူ ပါဝင်ပတ်သက်နိုင်တယ်လို့သံသယရှိကြောင်းနဲ့ သူဟာများသောအားဖြင့် လူပြတ်တဲ့နေရာတွေမှာ ရပ်ထားတတ်တဲ့ မော်ဒယ်နိမ့်ကားတွေကို ပစ်မှတ်ထားခိုးယူလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။
ဖမ်းဆီးထားသူကို နောက်ထပ်စစ်မေးဖို့အတွက် ဆက်လက်ထိန်းသိမ်းထားဦးမှာဖြစ်ကြောင်းလည်း မလေးရှား The Star သတင်းမှာ ရေးသားဖော်ပြပါတယ်။
Ref- The Star