close

မဲဆောက်တွင် ဘုန်းကြီး ၁ ပါး ကား ၂ စီးခိုးယူထွက်ပြေးပြီး ယာဉ်တိုက်မှုဖြစ်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ နိုဝင်ဘာ ၁၇ ရက် မနေ့ညနေက ကျောင်းတိုက်တတိုက်ရှိ ဦးပဉ္စင်းတပါးက ဒါယကာတွေရဲ့ကားကို ခိုးယူမောင်းပြီး ထွက်ပြေးသွားလို့ ထိုင်းရဲတွေက လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီလောက်က မဲဆောက်မြို့ ဘန့်မွန့်ဟင်ရပ်ကွက် ဘောလုတ်ရန်းကျောင်းတိုက်မှာ အလှူလာလုပ်တဲ့ ရွှေအိုရောင်ဟိုင်းလပ်စ်ကားတစီးကို ဦးပဉ္စင်းက မောင်းပြီး ထွက်ပြေးသွားတယ်လို့ အကြောင်းကြားတဲ့အတွက် လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေခဲ့ကြတယ်လို့ မဲဆောက်မြို့မရဲစခန်း တာဝန်ကျရဲမှူးက ပြောပါတယ်။

ကားပိုင်ရှင်က ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်ဖို့ ကားခဏရပ်ထားပြီး သော့တန်းလန်းနဲ့ ထားခဲ့ရာ ဦးပဉ္စင်းက တက်မောင်းခဲ့ကြောင်း၊ ကားပိုင်ရှင်က နောက်ကလိုက်သွားပေမဲ့ လမ်းခလုတ်မှာ မျက်ခြည်ပြတ်သွားတာကြောင့် ၇◌ဲကို တိုင်လိုက်တာလို့ ဆိုပါတယ်။

ရဲတွေက လိုက်လံစစ်ဆေးရာမှာ ဦးပဉ္စင်းဟာ ကားကို မဲဆောက်-ဖုပ်ဖရသွား ကားလမ်းဘက် အကွာအဝေး ၂၀ ကီလိုမီတာအထိ မောင်းသွားကြောင်း၊ အဲဒီနောက် ကားအဟောင်းအရောင်းဆိုင်တခုရဲ့ ကားပါကင်ထဲ ထိုးရပ်လိုက်ပြီး အနားမှာရှိတဲ့ ခရမ်းရောင် နောက်ထပ် ဆလွန်ကားတစီးကို ထပ်ခိုးယူကာ မဲဆောက်မြို့ထဲ ပြန်မောင်းလာပါတယ်။

ရဲတွေကလည်း သူ့နောက် ထက်ကြပ်မကွာ လိုက်လာစဉ် မဲဆောက်ဆေးရုံကြီးအနီးမှာ သူ့ကားဟာ အရှေ့ကမောင်းနေတဲ့ ဟိုင်းလပ်စ်ကားတစီးကို ဝင်တိုက်မိပြီး ကားစက်လည်း ရပ်သွားပါတယ်။

ရဲတွေက အဲဒီကားကို ဝိုင်းပိတ်ဆို့ပြီး ကားထဲက ဦးပဉ္စင်းကို ထွက်လာဖို့ပြောပေမဲ့ တော်တော်နဲ့ တံခါးမဖွင့်ကြောင်း၊ အတန်ကြာ ညှိနှိုင်းနေချိန် ကားပိုင်ရှင်က နောက်ကလိုက်လာပြီး သူ့မှာရှိတဲ့ ကားသော့အပိုနဲ့ ရီမုဒ်နှိပ်လိုက်မှ တံခါးပွင့်သွားပြီး ဦးပဉ္စင်းကို ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့လွတ်အိတ်ထဲမှာလည်း ဘတ်ငွေထောင်တန် အနည်းငယ်နဲ့ ဓားမြှောင်တချောင်း တွေ့ရှိကြောင်း၊ စစ်ဆေးချက်အရ အဆိုပါ ဦးပဉ္စင်းဟာ အသက် ၃၄ နှစ်အရွယ်ရှိ အာရိဖရို ခေါ် ဖရဘွိုင်း ဖြစ်ပြီး ထိုင်းအရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီက ဖြစ်ကြောင်း၊ သာသနာ့ဘောင်ဝင်ရောက်ကြောင်း တရားဝင်အထောက်အထားရှိပြီး မဲဆောက် ဘော်လုတ်ရန်းကျောင်းတိုက်ကို ရောက်လာတာ ၄ ရက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ဘာကြောင့် သူများကားကို ယူသွားရလဲလို့ ရဲတွေက မေးရာမှာ "ဆွေမျိုးတွေဆီ သွားမလို့" လို့သာ ဖြေကြားပြီး ကျန်တာတွေတော့ ကောင်းကောင်းမေးလို့မရဘဲ အူလည်လည် ဖြစ်နေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အဆိုပါဦးပဉ္စင်းကို မူးယစ်ဆေးသုံးစွဲမှု ရှိ, မရှိ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိ, မရှိ စစ်ဆေးပြီး လူဝတ်လဲကာ တရားဥပဒေအရ အရေးယူ အပြစ်ပေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကိုးကား - news.ch7

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up