နယူးဇီလန်နိုင်ငံမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို မလိုက်နာဘဲ ဒီနေ့ ဆန္ဒပြနေတဲ့ အယောက် ၅၀ လောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
ဆန္ဒပြသမားတွေဟာ လွှတ်တော်အဆောက်အအုံရဲ့ အပြင်ဘက်မှာ ဆန္ဒပြတဲ့ သုံးရက်မြောက်နေ့မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး လူစုခွဲတာ ဖြစ်ပါတယ်။
ကနေဒါက ကုန်တင်ကားဒရိုင်ဘာတွေ ဆန္ဒပြတာကို အတုယူတဲ့ ဒီဆန္ဒပြသမားတွေဟာ မြို့တော် ဝယ်လင်တန်မှာ ရှိတဲ့ ပါလီမန် အဆောက်အအုံထဲ အနီးကလမ်းကို ကုန်ကားတွေ၊ လူစီးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ပြီး ဆန္ဒပြနေကြတာပါ။
ဝန်ကြီးချုပ် ဂျက်စင်ဒါအဒန်က နယူးဇီလန်မှာ နိင်ငံသားတိုင်း ဆန္ဒပြခွင့်ရှိပေမယ့် တခြားလူတွေကို အနှောင့်အယှက်ပေးတာမျိုးတော့ မဖြစ်ထိုက်ဘူးလို့ ပြောပါတယ်။
အခုလို ဆန္ဒပြနေတာဟာလည်း ပြည်သူအများစုကို ကိုယ်စားမပြုဘူးလို့လည်း ပြောပါတယ်။
လူဦးရေ ၅ သန်းပဲ ရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ကိုဗစ် ကပ်ဘေးစတင်တဲ့အချိန်ကနေ အခုအထိ ကူးစက်ခံရသူ ၁၈၀၀၀ နဲ့ သေဆုံးသူ ၅၃ ယောက် ရှိပါတယ်။
ကာကွယ်ဆေးထိုးရမယ့် လူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းကလည်း ကာကွယ်ဆေးထိုးပြီး ဖြစ်ပါတယ်။
သြစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာချင်တဲ့ လူထောင်ပေါင်းများစွာဟာ ဒီဇင်ဘာ ၁၁ ရက်က ဆန္ဒပြကြပါတယ်။
ဆန္ဒပြသူတွေမှာ လက်ယာစွန်းပါတီ ထောက်ခံသူတွေလည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေဟာ ကိုဗစ် ကာကွယ်ဆေး စည်းကမ်းတွေကို ဆန့်ကျင်တဲ့အကြောင်း၊ လုံး၀ လက်မခံနိုင်တဲ့အကြောင်း ရေးသားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။
သြစတြီးယား ကွန်ဆာဗေးတစ် ဦးဆောင်တဲ့ အစိုးရက ဒီဇင်ဘာ ၉ ရက်မှာ အသစ် ထုတ်ပြန်လိုက်တဲ့ ကိုဗစ်စည်းကမ်းချက်တွေထဲမှာ အသက် ၁၄ နှစ်နဲ့ အထက် ကိုဗစ် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးကြဖို့လည်း ပါဝင်ပါတယ်။
စည်းကမ်းချက်ကို မလိုက်နာဘူးဆိုရင် သုံးလတကြိမ် ဒဏ်ကြေး ယူရိုငွေ ၃၆၀၀၊ အမေရိကန် ဒေါ်လာ ၄၀၀၀ ကျော် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
သြစတြီးယားမှာ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားကြပြီး အနောက်ဥရောပမှာတော့ ကိုဗစ် ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံလို့ ဆိုရမှာပါ။
ကိုဗစ်ကာကွယ်ဆေး မထိုးရေးကို လက်ယာစွန်းပါတီဖြစ်တဲ့ Freedom ပါတီက အဓိက လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
အစိုးရက ထုတ်ပြန်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး စည်းကမ်းအသစ်ကို ဖေဖော်ဝါရီလကျရင် ပြန်လည် စတင်မယ့် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ အဓိက အတိုက်အခံ နှစ်ပါတီက စည်းကမ်းအသစ်ကို ထောက်ခံထားတာကြောင့် လွှတ်တော်က အလွယ်တကူ ထောက်ခံ အတည်ပြုဖွယ်ရှိပါတယ်။