ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် ဖယ်ရှား

ဂျပန်မြို့တော် တိုကျိုနဲ့ တခြား ခရိုင် ၁၇ ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့အတွက် ဂျပန်နိုင်ငံသားတွေ မတ်လ ၂၂ ရက်က ကြိုဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန် ဗီဇမျိုးကွဲကြောင့်ဖြစ်တဲ့ ကူးစက်လှိုင်းတွေ လျော့ပါးသွားလို့ ကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်တာပါ။
ပယ်ဖျက်လိုက်တဲ့ ကန့်သတ်ချက်တွေထဲမှာ ဂျပန်နိုင်ငံ ခရိုင် ၄၇ ခုထဲက ခရိုင် ၁၈ ခုမှာ စားသောက်ဆိုင်နဲ့ တခြားစီးပွားရေးလုပ်ငန်းတွေအတွက် ကန့်သတ်ထားတဲ့ ဆိုင်ဖွင့်ချိန်တွေ အပါအဝင် အရေးပေါ်အခြေအနေ ကြေညာချက်အရ ကန့်သတ်ချက်တွေလည်း အကျုံးဝင်ပါတယ်။
အခုလို တားမြစ်ပိတ်ပင်ချက် ဖြေလျှော့ဖို့ အစိုးရက အရင်အပတ်က ဆုံးဖြတ်ချက် ချလိုက်တာပါ။
စားသောက်ဆိုင်တွေကို စောပိတ်ဖို့၊ ဧည့်သည်နည်းနည်းသာ လက်ခံဖို့နဲ့ အရက် ယမကာတွေ ဆိုင်ထိုင်သောက်ခွင့်ပိတ်တဲ့ ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။
ဖေဖော်ဝါရီလတုန်းက ဂျပန်နိုင်ငံတလွှားနဲ့ မြို့တော် တိုကျိုမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်လို့ ကူးစက်နှုန်း စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ဘေးအတွင်း လူအသေအပျောက် အများဆုံး ကူးစက်မှုလှိုင်း ဖြစ်ခဲ့ပါတယ်။
မတ်လ ၂၁ ရက် တရက်တည်းမှာ တိုကျိုမြို့တော်အတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ ဦးရေ ၆,၅၀၂ ယောက် ရှိထားပါတယ်။