ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ မတ် ၁၈ ညနေပိုင်းက ကုန်စုံဆိုင်ပိုင်ရှင် တယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောဒီကုန်စုံဆိုင်ပိုင်ရှင် ဦးတင်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ကတဖွဲ့က နေအိမ်မှာရှိနေစဉ် လာဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
ဒေသခံ ရွာသားတဦးက "ညနေပိုင်းလောက် ဆိုင်ထဲကို သေနတ်တွေနဲ့ ဝင်လာပြီး ဦးတင်ဌေးကို ဖမ်းသွားတာ။ ယူနီဖေါင်းတွေ ဘာတွေ မဝတ်ထားတော့ ဘယ်အဖွဲ့မှန်းလည်း မသိဘူး။ ဘာကြောင့် ဖမ်းတာလည်းမသိရဘူး" လို့ ပြောပါတယ်။
ဦးတင်ဌေးဟာ ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး ဆက်ဆံရေး ပြေပြစ်သူတစ်ဦးဖြစ်ကာ အဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေး ပြေလည်သူတစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မတ်လပိုင်းအတွင်း အဖမ်းဆီးတွေဆက်တိုက်ရှိနေပြီး စစ်ကောင်စီက ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းအဝေးပြုလုပ်နေတဲ့ ပြည်သူ အယောက် ၃၀ ကို ဖမ်းဆီးခဲ့သလို အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကိုလည်း ဝင်ရောက်ဖျက်စီးကာ ရုံးစောင့် အမျိုးသား လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းပန်းမရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဦးဝင်းမောင်ကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၆ နာရီဝန်းကျင်လောက်မှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ပြီး ငွေအချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတဦးက "ဆိုင်က ကုန်စုံဆိုင်အကြီး၊ ဆန်ကောဆီကော အစုံရတယ်။ ဆိုင်ထဲကို လူနှစ်ယောက်ဝင်လာတယ်၊ ဆက်ကြေးတောင်းတယ်၊ နိုင်ငံရေးမကောင်းတော့ စီးပွားရေးအဆင်မပြေလို့ မပေးဘူးပြောတာပစ်သွားတယ်။ ယောကျ်ားက ဗိုက်ထိသွားတာ၊ သူ့မိန်းမကတော့ ပွဲချင်းပြီး သေသွားတယ်" လို့ ပြောပါတယ်။
ဘယ်သူတွေပစ်သွားတယ်ဆိုတာ မသိရသေးဘဲ ပစ်ခံရတဲ့ ဦးဝင်းမောင်ဟာ ဒလန်မဟုတ်ကြောင်း၊ ပြီးခဲ့တဲ့တပတ်ကလည်း ပန်းမရပ်ကွက်မှာ လုယက်မှု ဖြစ်ခဲ့သေးတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
"အခုရက်ပိုင်းမြို့ထဲမှာ လုယက်မှုတွေများနေတာ။ ကုန်စုံဆိုင်ဖွင့်ထားတာဆိုတော့ ပိုက်ဆံတွေလည်း ပါသွားတယ် ပြောကြတယ်။"
ဗိုက်မှာ ဒဏ်ရာရခဲ့တဲ့ ဦးဝင်းမောင်ကို ဒဏ်ရာပြင်းထန်တာကြောင့် သပိတ်ကျင်းဆေးရုံကနေ ၇ မိုင် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း Super ကော်ဖီမစ်ရုံးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်မှုကြောင့် မန်နေဂျာသေဆုံးသွားခဲ့ရပြီး ရုံးငွေကြေး ရာဂဏန်း နီးပါးကို သိမ်းသွားတယ်လို့ သိရပါတယ်။