close

မိုးကုတ်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းပန်းမရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဦးဝင်းမောင်ကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၆ နာရီဝန်းကျင်လောက်မှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ပြီး ငွေအချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက "ဆိုင်က ကုန်စုံဆိုင်အကြီး၊ ဆန်ကောဆီကော အစုံရတယ်။ ဆိုင်ထဲကို လူနှစ်ယောက်ဝင်လာတယ်၊ ဆက်ကြေးတောင်းတယ်၊ နိုင်ငံရေးမကောင်းတော့ စီးပွားရေးအဆင်မပြေလို့ မပေးဘူးပြောတာပစ်သွားတယ်။ ယောကျ်ားက ဗိုက်ထိသွားတာ၊ သူ့မိန်းမကတော့ ပွဲချင်းပြီး သေသွားတယ်" လို့ ပြောပါတယ်။

ဘယ်သူတွေပစ်သွားတယ်ဆိုတာ မသိရသေးဘဲ ပစ်ခံရတဲ့ ဦးဝင်းမောင်ဟာ ဒလန်မဟုတ်ကြောင်း၊ ပြီးခဲ့တဲ့တပတ်ကလည်း ပန်းမရပ်ကွက်မှာ လုယက်မှု ဖြစ်ခဲ့သေးတယ်လို့ ရပ်ကွက်နေ​ပြည်သူတစ်ဦးက ပြောပါတယ်။

"အခုရက်ပိုင်းမြို့ထဲမှာ လုယက်မှုတွေများနေတာ။ ကုန်စုံဆိုင်ဖွင့်ထားတာဆိုတော့ ပိုက်ဆံတွေလည်း ပါသွားတယ် ပြောကြတယ်။" 

ဗိုက်မှာ ဒဏ်ရာရခဲ့တဲ့ ဦးဝင်းမောင်ကို ဒဏ်ရာပြင်းထန်တာကြောင့် သပိတ်ကျင်းဆေးရုံကနေ  ၇ မိုင် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။‌

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း Super ကော်ဖီမစ်ရုံးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်မှုကြောင့် မန်နေဂျာသေဆုံးသွားခဲ့ရပြီး ရုံးငွေကြေး ရာဂဏန်း နီးပါးကို သိမ်းသွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up