ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲမှာ ကြေးစားစစ်သားတွေ အသုံးပြုတာကို နိုဝင်ဘာ ၉ ရက်က ရှုတ်ချလိုက်ပြီး လူတွေအပေါ် သိပ်ကို ရက်စက်ကြမ်းကြုတ်မှုဖြစ်အောင် နှိပ်စက်ညှဉ်းပန်းနေတာလို့ မိန့်ကြားလိုက်ပါတယ်။
ကျဆုံးသွားကြတဲ့ ယူကရိန်းအာဇာနည်တွေအတွက် ဆုတောင်းမေတ္တာ ထပ်မံပို့သလိုက်ကြောင်းနဲ့ ဒုက္ခတွေရောက်နေကြရတဲ့ ဒီလူတွေအတွက်၊ စစ်ပွဲကို ဖန်တီးနေကြတဲ့ ကြေးစားစစ်သားတွေကြောင့်ရက်စက်မှုတွေကို ခံစားနေကြရတဲ့ ဒီလူတွေအတွက် ငြိမ်းချမ်းမှုရစေဖို့ ထာဝရဘုရားကို တောင်းဆိုပါကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့ပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဥရောပသမဂ္ဂဟာ ယူကရိန်းမှာ ကရင်မလင်ကိုယ်စား လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရုရှားပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီ Wagner Group ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။
သမ္မတ ဗလာဒီမာပူတင်ကတော့ ဒီအဖွဲ့ဟာ ရုရှားနိုင်ငံကို ကိုယ်စားပြုတာမဟုတ်ဘဲ သီးသန့် ပုဂ္ဂလိကစစ်တပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကန်ထရိုက်တာတွေဟာ ရုရှားဥပဒေကို မချိုးဖောက်သရွေ့ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို အလုပ်လုပ်ပိုင်ခွင့် ရှိပါတယ်။
Wagner အုပ်စု တိုက်ခိုက်ရေးသမားတွေဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ဆီးရီးယားနဲ့ ယူကရိန်းအရှေ့ပိုင်းတို့မှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ယူကရိန်းအစိုးရတို့က စွပ်စွဲထားပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး စတင် ဆင်နွှဲချိန်ကစပြီး တခြားနိုင်ငံတွေက ကြေးစားစစ်သားတွေနဲ့ လက်နက်လုပ်ငန်းကျွမ်းကျင်သူ အယောက် ၇၀၀၀ နီးပါ ယူကရိန်း နိုင်ငံကို ရောက်လာခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေမှာ ယူကရိန်းတပ်တွေ အခြေအနေ အသာစီးမရလို့ နိုင်ငံခြား ကြေးစား စစ်သားအများအပြား ယူကရိန်းကနေ ထွက်သွားကြပြီးပြီလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ဥရောပနိုင်ငံတွေ ကြားမှာ ပိုလန်ကတော့ ယူကရိန်းကို လာပြီး ယူကရိန်းမှာ သေဆုံးသူ ဦးရေ အများဆုံးလို့လည်း ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
အမေရိကတိုက်ကနေ လာတဲ့သူတွေထဲမှာတော့ ကနေဒါကနေ ယူကရိန်းကို ရောက်လာသူ ဦးရေ အများဆုံးဖြစ်ပြီး အမေရိကန်ကတော့ ယူကရိန်းနိုင်ငံထဲမှာ သေဆုံးသူ ၂၁၄ယောက်နဲ့ အများဆုံး လို့ ရိုက်တာ သတင်းက ဆိုပါတယ်။.
“စုစုပေါင်းအနေနဲ့ ၂၀၂၂ ဇွန်လ ၁၇ ရက်ထိ ကျနော်တို့ရဲ့ စာရင်းအရ နိုင်ငံပေါင်း ၆၄ နိုင်ငံက လက်နက်လုပ်ငန်း ကျွမ်းကျင်သူ နဲ့ ကြေးစားစစ်သား စုစုပေါင်းဟာ ၆၉၅၆ ယောက် ယူကရိန်းကို ရောက်လာခဲ့ပြီးပြီး ၁၉၅၆ ယောက် သေဆုံးခဲ့ပြီး ၁၇၇၉ ယောက်ကတော့ ယူကရိန်း ကနေ ပြန်သွားခဲ့ပြီ”လို့ ရုရှားစစ်တပ် ပြောခွင့်ရက ဆက်ပြောပါတယ်။
ဒီလူဦးရေထဲမှာ အနောက်နိုင်ငံတွေကနေ ယူကရိန်းကို ပံ့ပိုးထားတဲ့ လက်နက်တွေကို ပြင်ဖို့ ရောက်နေသူတွေ၊ စစ်ဆင်ရေးမှာ ပါဝင်ကူညီသူတွေနဲ့ သင်တန်းလေ့ကျင့်ရေး ဆရာတွေလည်း ပါတယ်လို့ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။