ယူကရိန်းစစ်ပွဲတွင် ကြေးစားစစ်သား အသုံးပြုမှု ရုရှားကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲမှာ ကြေးစားစစ်သားတွေ အသုံးပြုတာကို နိုဝင်ဘာ ၉ ရက်က ရှုတ်ချလိုက်ပြီး လူတွေအပေါ် သိပ်ကို ရက်စက်ကြမ်းကြုတ်မှုဖြစ်အောင် နှိပ်စက်ညှဉ်းပန်းနေတာလို့ မိန့်ကြားလိုက်ပါတယ်။
ကျဆုံးသွားကြတဲ့ ယူကရိန်းအာဇာနည်တွေအတွက် ဆုတောင်းမေတ္တာ ထပ်မံပို့သလိုက်ကြောင်းနဲ့ ဒုက္ခတွေရောက်နေကြရတဲ့ ဒီလူတွေအတွက်၊ စစ်ပွဲကို ဖန်တီးနေကြတဲ့ ကြေးစားစစ်သားတွေကြောင့်ရက်စက်မှုတွေကို ခံစားနေကြရတဲ့ ဒီလူတွေအတွက် ငြိမ်းချမ်းမှုရစေဖို့ ထာဝရဘုရားကို တောင်းဆိုပါကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့ပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဥရောပသမဂ္ဂဟာ ယူကရိန်းမှာ ကရင်မလင်ကိုယ်စား လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရုရှားပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီ Wagner Group ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။
သမ္မတ ဗလာဒီမာပူတင်ကတော့ ဒီအဖွဲ့ဟာ ရုရှားနိုင်ငံကို ကိုယ်စားပြုတာမဟုတ်ဘဲ သီးသန့် ပုဂ္ဂလိကစစ်တပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကန်ထရိုက်တာတွေဟာ ရုရှားဥပဒေကို မချိုးဖောက်သရွေ့ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို အလုပ်လုပ်ပိုင်ခွင့် ရှိပါတယ်။
Wagner အုပ်စု တိုက်ခိုက်ရေးသမားတွေဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ဆီးရီးယားနဲ့ ယူကရိန်းအရှေ့ပိုင်းတို့မှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ယူကရိန်းအစိုးရတို့က စွပ်စွဲထားပါတယ်။