close

ယူကရိန်းသို့ ကြေးစားစစ်သားနှင့်လက်နက်ကျွမ်းကျင်သူ ၇၀၀၀ခန့် ရောက်ရှိနေဟု ရုရှားပြော

ရုရှားနိုင်ငံက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး စတင် ဆင်နွှဲချိန်ကစပြီး တခြားနိုင်ငံတွေက ကြေးစားစစ်သားတွေနဲ့ လက်နက်လုပ်ငန်းကျွမ်းကျင်သူ အယောက် ၇၀၀၀ နီးပါ ယူကရိန်း နိုင်ငံကို ရောက်လာခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေမှာ ယူကရိန်းတပ်တွေ အခြေအနေ အသာစီးမရလို့ နိုင်ငံခြား ကြေးစား စစ်သားအများအပြား ယူကရိန်းကနေ ထွက်သွားကြပြီးပြီလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဥရောပနိုင်ငံတွေ ကြားမှာ ပိုလန်ကတော့ ယူကရိန်းကို လာပြီး ယူကရိန်းမှာ သေဆုံးသူ ဦးရေ အများဆုံးလို့လည်း ကိုနာရှန်ကို့ဗ်က ပြောပါတယ်။

အမေရိကတိုက်ကနေ လာတဲ့သူတွေထဲမှာတော့ ကနေဒါကနေ ယူကရိန်းကို ရောက်လာသူ ဦးရေ အများဆုံးဖြစ်ပြီး အမေရိကန်ကတော့ ယူကရိန်းနိုင်ငံထဲမှာ သေဆုံးသူ ၂၁၄ယောက်နဲ့ အများဆုံး လို့ ရိုက်တာ သတင်းက ဆိုပါတယ်။. 

“စုစုပေါင်းအနေနဲ့ ၂၀၂၂ ဇွန်လ ၁၇ ရက်ထိ ကျနော်တို့ရဲ့ စာရင်းအရ နိုင်ငံပေါင်း ၆၄ နိုင်ငံက လက်နက်လုပ်ငန်း ကျွမ်းကျင်သူ နဲ့ ကြေးစားစစ်သား စုစုပေါင်းဟာ ၆၉၅၆ ယောက် ယူကရိန်းကို ရောက်လာခဲ့ပြီးပြီး ၁၉၅၆ ​ယောက် သေဆုံးခဲ့ပြီး ၁၇၇၉ ယောက်ကတော့ ယူကရိန်း ကနေ ပြန်သွားခဲ့ပြီ”လို့ ရုရှားစစ်တပ် ပြောခွင့်ရက ဆက်ပြောပါတယ်။

ဒီလူဦးရေထဲမှာ အနောက်နိုင်ငံတွေကနေ ယူကရိန်းကို ပံ့ပိုးထားတဲ့ လက်နက်တွေကို ပြင်ဖို့ ရောက်နေသူတွေ၊ စစ်ဆင်ရေးမှာ ပါဝင်ကူညီသူတွေနဲ့ သင်တန်းလေ့ကျင့်ရေး ဆရာတွေလည်း ပါတယ်လို့ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။

//
Up