ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ရထားသံလမ်းတလျှောက်မှာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ကုန်တင်ရထားတစီး လမ်းချော်ခဲ့လို့ ကုန်သေတ္တာ ကွန်တိန်နာအလုံး ၂၀ ကျော် စုပုံသွားခဲ့ပါတယ်။
ကွန်တိန်နာ ဒါဇင်များစွာတင်လာတဲ့ ရထားတွဲ ၁၆ တွဲ လမ်းချော်သွားခဲ့တာလို့ ပြည်နယ် အရေးပေါ်ဝန်ဆောင်မှု (SES) က ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ဘယ်သူမှမထိခိုက်ခဲ့ဘဲ လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ SES က ပြောပါတယ်။
ဒေသတွင်းမှာတော့ တညလုံး မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးတဲ့နောက် ဗစ်တိုးရီးယား ပြည်နယ်တခွင်မှာ ရုတ်တရက် ရေကြီးခဲ့ပါတယ်။
သြစတြေးလျရဲတပ်ဖွဲ့ဟာ ဆစ်ဒနီဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ကွန်တိန်နာတွေထဲက စကျင်ကျောက်တွေအတွင်း သိုဝှက်ထည့်သွင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၁,၈၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
သြစတြေးလျမှာ ဒီနေ့အထိ ဖမ်းမိမှုအားလုံးထဲမှာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပြီး မူးယစ်ဆေး ၁ ဒသမ ၈ တန် ဖမ်းမိတာလို့ နယူးဆောက်သ်ဝေးလ် စုံထောက်အကြီးအကဲ ဂျွန်ဝပ်ဆင်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်လောက် သိမ်းဆည်းခဲ့ပြီးနောက် ခုနောက်ဆုံး ဖမ်းဆီးရမိမှုမှာ မက်သမ်အဖက်တမင်း ကီလိုဂရမ် ၁,၀၀၀ ကျော်လောက်လည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တင်ပို့မှုအားလုံးဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ခုစလုံးရဲ့ အသေးစိတ်အချက်အလက်တွေက တူညီနေကြောင်းလည်း ပြောပါတယ်။
နောက်ဆုံးဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ စွဲချက်မတင်ရသေးပေမဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။