ရုရှားဟာ ခရိုင်းမီးယားဒေသတွင်းနဲ့ ဒေသပတ်လည်မှာ အကြီးစား စစ်ရေးလေ့ကျင့်မယ်လို့ ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါကြောင့် ရုရှားအစိုးရက ယူကရိန်းနိုင်ငံကို ကျူးကျော်မယ့် ဖြစ်နိုင်ချေအပေါ် အနောက်နိုင်ငံ အစိုးရတွေက ဆက်ပြီး တပ်လှန့်ထားကြတယ်လို့ မော်စကိုတိုင်းမ်စ်သတင်းဌာနက ဖော်ပြပါတယ်။
ရုရှား လေထီးနဲ့ အမြောက်တပ်အပြင် ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ တပ်ဖွဲ့ဝင် အယောက် ၁၂၀၀ ကျော်ဟာ စစ်သုံးလက်နက်ကြီး ၂၅၀ နဲ့အတူ ခရိုင်းမီးယားဒေသက အာ့ပွတ်ခ် သင်တန်းနယ်မြေထဲမှာ လေ့ကျင့်မယ်လို့ အစိုးရမီဒီယာ တက်စ်သတင်းမှာ ဖော်ပြပါတယ်။
ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်တွေကို ဆက်ပြီး တိုးချဲ့ချထားနေတယ်လို့ အမေရိကန်နဲ့ ဂျာမနီတို့က စွပ်စွဲအပြီး နောက်နေ့မှာ ရုရှားက ခုလို စစ်ရေးလေ့ကျင့်ဖို့ ကြေညာလိုက်တာပါ။
ရုရှားက ယူကရိန်းနယ်စပ်မှာ စစ်သည်တွေကို ထောင်ချီသောင်းချီ တပ်ချနေတာဟာ ကျူးကျော်မှု ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေတာလို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။
စွပ်စွဲထားသလို ရုရှားက လုပ်ခဲ့ရင် မကြုံစဖူး ဒဏ်ခတ်မယ်လို့လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားအနီးမှာ ယူကရိန်းက တင့်ကားဖျက်လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ပစ်မှတ်လေ့ကျင့်မှုအတွက် သေနတ်တွေ ပြင်ဆင်နေတဲ့ စစ်မှုထမ်းအဖွဲ့ဝင်တွေကို ပြသထားတဲ့ ဗွီဒီယိုကို ယူကရိန်း ပူးတွဲတပ်ဖွဲ့စစ်ဆင်ရေးက ထုတ်ပြန်ခဲ့တာပါ။
ယူကရိန်းက ရုရှားဟာ ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ရေးထိုးစစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ တပ်ဖွဲ့ဝင် တစ်သိန်းလောက်ကို စုစည်းထားတာလို့ စွပ်စွဲလိုက်ပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donbass ဒေသမှာဖြစ်နေတဲ့ ပဋိပက္ခကနေ အိမ်နီးချင်းနိုင်ငံတွေကြား စစ်ပွဲဖြစ်လာနိုင်ခြေ ရောက်လာမှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
မော်စကိုကတော့ သူ့ရဲ့လှုပ်ရှားမှုတွေဟာ ခံစစ်သက်သက်ဖြစ်ပြီး သူ့နယ်မြေတဝိုက်မှာ တပ်တွေကို သင့်သလို ရွှေ့ပြောင်းပိုင်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က သိမ်းယူခဲ့ပြီး အဲ့ဒီနှစ်မှာပဲ ယူကရိန်း အရှေ့ပိုင်းကို သိမ်းပိုက်ခဲ့တဲ့ ရုရှားကိုထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ခံအားပေးခဲ့ ပါတယ်။