ခရိုင်းမီးယားဒေသတွင်း ရုရှားက အကြီးစား စစ်ရေးလေ့ကျင့်မည်

ရုရှားဟာ ခရိုင်းမီးယားဒေသတွင်းနဲ့ ဒေသပတ်လည်မှာ အကြီးစား စစ်ရေးလေ့ကျင့်မယ်လို့ ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါကြောင့် ရုရှားအစိုးရက ယူကရိန်းနိုင်ငံကို ကျူးကျော်မယ့် ဖြစ်နိုင်ချေအပေါ် အနောက်နိုင်ငံ အစိုးရတွေက ဆက်ပြီး တပ်လှန့်ထားကြတယ်လို့ မော်စကိုတိုင်းမ်စ်သတင်းဌာနက ဖော်ပြပါတယ်။
ရုရှား လေထီးနဲ့ အမြောက်တပ်အပြင် ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ တပ်ဖွဲ့ဝင် အယောက် ၁၂၀၀ ကျော်ဟာ စစ်သုံးလက်နက်ကြီး ၂၅၀ နဲ့အတူ ခရိုင်းမီးယားဒေသက အာ့ပွတ်ခ် သင်တန်းနယ်မြေထဲမှာ လေ့ကျင့်မယ်လို့ အစိုးရမီဒီယာ တက်စ်သတင်းမှာ ဖော်ပြပါတယ်။
ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်တွေကို ဆက်ပြီး တိုးချဲ့ချထားနေတယ်လို့ အမေရိကန်နဲ့ ဂျာမနီတို့က စွပ်စွဲအပြီး နောက်နေ့မှာ ရုရှားက ခုလို စစ်ရေးလေ့ကျင့်ဖို့ ကြေညာလိုက်တာပါ။
ရုရှားက ယူကရိန်းနယ်စပ်မှာ စစ်သည်တွေကို ထောင်ချီသောင်းချီ တပ်ချနေတာဟာ ကျူးကျော်မှု ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေတာလို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။
စွပ်စွဲထားသလို ရုရှားက လုပ်ခဲ့ရင် မကြုံစဖူး ဒဏ်ခတ်မယ်လို့လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။