တောင်ထူတဲ့ နီပေါနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ခရီးသည်နဲ့ လေယာဉ်မှုထမ်း ၂၂ ဦးကို တင်ဆောင်ပျံသန်းရင်း မေ ၂၉ ရက်က ပျောက်ဆုံးခဲ့ပါတယ်။
ရေဒါက ဖမ်းမိတဲ့ နောက်ဆုံးနေရာမှာ တိမ်ထူနေလို့ ရှာဖွေရေး ရဟတ်ယာဉ်တွေ ပျံသန်းလို့ မရဘဲ ဖြစ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။
လေယာဉ်ဟာ ခတ္တမန္ဒူမြို့တော်ရဲ့ အနောက်ဘက် မိုင် ၈၀ အကွာ ပိုခါရာ မြို့ကနေ ပျံသန်းလာပြီး အနောက်မြောက်ဘက် ကီလို ၈၀ အကွာက ဂျွန်ဆွန်မ်မြို့ဆီကို ထွက်ခွာခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ခရီးသည် ၁၉ ယောက်ထဲမှာ ဂျာမန် နိုင်ငံသား ၂ ယောက်၊ အိန္ဒိယ နိုင်ငံသား ၄ ယောက်နဲ့ နီပေါ နိုင်ငံသား ၁၃ ယောက် ပါတယ်။
ဧဝရတ်တောင် အပါအဝင် ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးထဲက ၈လုံး တည်ရှိရာ နီပေါနိုင်ငံမှာ လေယာဉ်မတော်တဆမှု မှတ်တမ်းတွေ ရှိထားပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲပြင်းထန်နေချိန်မှာပဲ ဒတ်ချ်တရားရုံးက ၂၀၁၄ ခုနှစ်တုန်းက MH17 ခရီးသည်လေယာဉ် ယူကရိန်းနယ်စပ်မှာ ပစ်ချခံရတဲ့အမှုအတွက် ရုရှား ၃ ယောက်နဲ့ ယူကရိန်း ၁ ယောက်ကို မတ် ၇ ရက်မှာ စစ်ဆေးနေပါတယ်။
နယ်သာလန်ကနေ မလေးရှားကို ပျံသန်းနေတဲ့ MH17 ဂျက်လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး ပါရှိပြီး အားလုံး အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒီဖြစ်ရပ်နောက်ကွက်မှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိနေတာပါ။
တရားသူကြီးက “ယူကရိန်းနယ်စပ်မှာ လေယာဉ်ပစ်ချခံခဲ့ရတဲ့အတွက် သေဆုံးခဲ့သူအားလုံးကို တရားရုံးက စာနာနားလည်မှု ရှိပါတယ်။ ဒီဖြစ်ရပ်အတွက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရော နိုင်ငံတွေကပါ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ကြရပါတယ်။ ဒတ်ချ်တရားရုံးအနေနဲ့ ဒီရာဇဝတ်မှုကို ဆက်လက်စစ်ဆေးသွားမယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီအမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ပြောပါတယ်။