close

ချင်းရိုင်းခရိုင်

close

April 6, 2023

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် တောမီးလောင်၊ ဧကပေါင်း ၂၀၀ ကျော် မီးကူးစက်

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်နဲ့ ကပ်လျက် ဒွိုင်တုန်းတောင်ပေါ်မှာ ဧပြီ ၅ ရက် မနေ့ညကစ တောမီးလောင်ကျွမ်းနေပြီး  ဧကပေါင်း ၂၀၀ ကျော်လောက်အထိ တောမီး ကူးစက်ပျံ့နှံ့နေတယ်လို့  PBS ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါဒွိုင်တုန်းတောင်တန်းဟာ မယ်ဖာ့လုန်မြို့နယ်၊ မယ်ဖာ့လုန်အုပ်စုထဲမှာတည်ရှိပြီး မနေ့ ညနေ ၃ နာရီကစ တောမီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတောမီးကို မယ်ဖာ့လုန်မြို့နယ်နဲ့ မြို့နယ်နီးစပ်က  မီးသတ်၊ ရဲ၊  စစ်တပ်၊ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ လူမှုကူညီရေးစတဲ့ အဖွဲ့ပေါင်းစုံက သွားရောက်ငြှိမ်းသတ်ခဲ့ကြရာမှာ ည ၁၁ နာရီ ၄၀ မိနစ်လောက်မှာ ၇၀ ရာခိုင်နှုန်းကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ လေအရမ်းတိုက်တာကြောင့် တောမီးဟာ အကျယ်အဝန်း ရိုင် ၅၅၀ (ဧက ၂၀၀ ကျော်ခန့်) ပျံ့နှံ့လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

တောမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ မီးအားလုံး ငြှိမ်းသတ်နိုင်အောင်နဲ့ နောက်ထပ် ကူးစက်လောင်ကျွမ်းမှုမရှိအောင်လို့ သက်ဆိုင်ရာက ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ 

အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်တွေ မယ်ဆိုင်မြို့ထဲ ပြန့်လွင့်လာပြီး ဒီကနေ့မနက် ၆ နာရီ တိုင်းထွာချက်အရ  မီးခိုးမြူသိပ်သည်းဆမှာ ၁ ကုဗမီတာလျှင် ၄၄၃ မိုခရိုဂရမ်ရှိနေကာ  ၂၄ နာရီ ပျှမ်းမျှသိပ်သည်းဆမှာ ၁ ကုဗမီတာလျှင် ၂၀၀ မိုက်ခရို ဂရမ်ကျော်ရှိတယ်လို့  Thai PBS သတင်းမှာ ဖော်ပြပါတယ်။ 

Ref:-ThaiPBS

6 mins Ago

January 26, 2023

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင် မြန်မာနယ်စပ်ဘက်မှသယ်လာသည့် စိတ်ကြွဆေး ၆ သန်းဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စိတ်ကြွဆေးပြားပေါင်း ၆ သန်းဖမ်းဆီးရမိတာနဲ့ဆက်နွှယ်ပြီး ပါဝင်ပတ်သက်သူတွေရဲ့ မြေကွက်၊ နေအိမ်၊ မော်တော်ကား၊ ဘဏ်စာအုပ် စတဲ့ ပိုင်ဆိုင်မှုပေါင်း ထိုင်းဘတ် ၁၁ သန်းကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းလိုက်ကြောင်း မယ်ဆိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။ 

ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက မြန်မာနယ်စပ်၊ မယ်ဖာ့လုံမြို့နယ် ထိုတ်ထိုင်းရွာဘက်ကနေ မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ကား ၂ စီးနောက်ကို တာဝန်ရှိသူတွေက နောက် ယောင်ခံလိုက်လာခဲ့ကြောင်း၊ ကား ၂ စီးအနက် ၁ စီးမှာ ပျဉ်ပြားချပ်တွေ သယ်ဆောင်လာပြီး ဝိန်းပါပေါက်မြို့နယ် မဲ့ထိုစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေရာမှာတော့ ပျဉ်ပြားချပ်တွေထဲက အံဝှက်ထဲမှာ စိတ်ကြွဆေးပြားတွေထည့်ထားတဲ့ အိတ်တွေကိုတွေ့ရှိရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါအိတ်ထဲမှာ ၉၉၉ တံဆိပ်ပါ  စိတ်ကြွဆေးပြား စုစုပေါင်း ၆၀၀၀၀၀၀ ( ၆ သန်း ) ရှိခဲ့လို့ လူ ၅ ဦးကိုဖမ်းဆီးထားကာ သူတို့နေထိုင်တဲ့ ချင်းရိုင်း၊ ဖရဲ့နဲ့ နခွန်းနားယုဒ်ခရိုင်ရှိ နေအိမ်တွေကို မူးယစ်ရဲ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

စစ်ဆေးချက်အရ မယ်ဆိုင်မြို့၊ ပုန်ငမ်းရပ်ကွက် ဆန်ကလစ်ထောင်းန်အိမ်ရာရှိ ထိုင်းနိုင်ငံသား အသက် ၃၇ နှစ်ရွယ်အမျိုးသမီး ၁ ဦးရဲ့အမည်ပေါက် ၃ ဧကအကျယ်ရှိ ခြံဝင်း၊ အဆင့်မြင့်တိုက်အိမ် ၊ မော်တော်ကား၊ ဘဏ်ငွေစုစာအုပ်၊ ရွှေငွေ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း တန်ဖိုး ဘတ် ၁၁,၀၄၀,၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း၊ အဲဒီအိမ်ကနေ နိုင်ငံခြားသားအမျိုးသား ၁ ဦးရဲ့ နိုင်ငံကူးလက်မှတ်ကိုပါတွေ့ရှိပြီး စီစီတီဗွီကင်မရာတွေပါ စစ်ဆေးဖို့ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ်ခရိုင် ၂ ခုရှိ မူးယစ်ဆေးပတ်သက်သူတို့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့ကြောင်း၊ ခရိုင် ၃ ခုလုံးကနေ ဘတ် ၃၂ သန်းကျော်တန်ဖိုးရှိ မြေကွက်၊ နေအိမ်၊ ကား ၉ စီး၊ ရွှေငွေရတနာ၊ ငွေစုစာအုပ် ၅ အုပ်၊ ငွေသား ၅၉၈,၀၀၀ ဘတ်စသဖြင့် အမျိုးအစား ၂၆ မျိုးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

တရားခံတွေက သူတို့ဟာ အဆိုပါစိတ်ကြွဆေးတွေကို နယ်စပ်ဘက်က သယ်ဆောင်ခဲ့ကြောင်း၊ မနှစ် ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက မယ့်ကျန်းမြို့ကို စိတ်ကြွဆေး ၆ သန်း ၈ သိန်းနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှာ နောက်ထပ် ၃,၂၀၀,၀၀၀ သယ်ခဲ့တာကြောင့် စုစုပေါင်း ၁၀ သန်းကျော် သယ်ဆောင်ခဲ့တယ်လို့ ဝန်ခံပြောသွားပါတယ်။ 

ကိုးကား - maesaipress

2 months Ago
Up