ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် တောမီးလောင်၊ ဧကပေါင်း ၂၀၀ ကျော် မီးကူးစက်

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်နဲ့ ကပ်လျက် ဒွိုင်တုန်းတောင်ပေါ်မှာ ဧပြီ ၅ ရက် မနေ့ညကစ တောမီးလောင်ကျွမ်းနေပြီး ဧကပေါင်း ၂၀၀ ကျော်လောက်အထိ တောမီး ကူးစက်ပျံ့နှံ့နေတယ်လို့ PBS ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဒွိုင်တုန်းတောင်တန်းဟာ မယ်ဖာ့လုန်မြို့နယ်၊ မယ်ဖာ့လုန်အုပ်စုထဲမှာတည်ရှိပြီး မနေ့ ညနေ ၃ နာရီကစ တောမီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတောမီးကို မယ်ဖာ့လုန်မြို့နယ်နဲ့ မြို့နယ်နီးစပ်က မီးသတ်၊ ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ လူမှုကူညီရေးစတဲ့ အဖွဲ့ပေါင်းစုံက သွားရောက်ငြှိမ်းသတ်ခဲ့ကြရာမှာ ည ၁၁ နာရီ ၄၀ မိနစ်လောက်မှာ ၇၀ ရာခိုင်နှုန်းကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ လေအရမ်းတိုက်တာကြောင့် တောမီးဟာ အကျယ်အဝန်း ရိုင် ၅၅၀ (ဧက ၂၀၀ ကျော်ခန့်) ပျံ့နှံ့လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
တောမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ မီးအားလုံး ငြှိမ်းသတ်နိုင်အောင်နဲ့ နောက်ထပ် ကူးစက်လောင်ကျွမ်းမှုမရှိအောင်လို့ သက်ဆိုင်ရာက ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။
အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်တွေ မယ်ဆိုင်မြို့ထဲ ပြန့်လွင့်လာပြီး ဒီကနေ့မနက် ၆ နာရီ တိုင်းထွာချက်အရ မီးခိုးမြူသိပ်သည်းဆမှာ ၁ ကုဗမီတာလျှင် ၄၄၃ မိုခရိုဂရမ်ရှိနေကာ ၂၄ နာရီ ပျှမ်းမျှသိပ်သည်းဆမှာ ၁ ကုဗမီတာလျှင် ၂၀၀ မိုက်ခရို ဂရမ်ကျော်ရှိတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
Ref:-ThaiPBS