close

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင် မြန်မာနယ်စပ်ဘက်မှသယ်လာသည့် စိတ်ကြွဆေး ၆ သန်းဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စိတ်ကြွဆေးပြားပေါင်း ၆ သန်းဖမ်းဆီးရမိတာနဲ့ဆက်နွှယ်ပြီး ပါဝင်ပတ်သက်သူတွေရဲ့ မြေကွက်၊ နေအိမ်၊ မော်တော်ကား၊ ဘဏ်စာအုပ် စတဲ့ ပိုင်ဆိုင်မှုပေါင်း ထိုင်းဘတ် ၁၁ သန်းကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းလိုက်ကြောင်း မယ်ဆိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။ 

ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက မြန်မာနယ်စပ်၊ မယ်ဖာ့လုံမြို့နယ် ထိုတ်ထိုင်းရွာဘက်ကနေ မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ကား ၂ စီးနောက်ကို တာဝန်ရှိသူတွေက နောက် ယောင်ခံလိုက်လာခဲ့ကြောင်း၊ ကား ၂ စီးအနက် ၁ စီးမှာ ပျဉ်ပြားချပ်တွေ သယ်ဆောင်လာပြီး ဝိန်းပါပေါက်မြို့နယ် မဲ့ထိုစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေရာမှာတော့ ပျဉ်ပြားချပ်တွေထဲက အံဝှက်ထဲမှာ စိတ်ကြွဆေးပြားတွေထည့်ထားတဲ့ အိတ်တွေကိုတွေ့ရှိရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါအိတ်ထဲမှာ ၉၉၉ တံဆိပ်ပါ  စိတ်ကြွဆေးပြား စုစုပေါင်း ၆၀၀၀၀၀၀ ( ၆ သန်း ) ရှိခဲ့လို့ လူ ၅ ဦးကိုဖမ်းဆီးထားကာ သူတို့နေထိုင်တဲ့ ချင်းရိုင်း၊ ဖရဲ့နဲ့ နခွန်းနားယုဒ်ခရိုင်ရှိ နေအိမ်တွေကို မူးယစ်ရဲ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

စစ်ဆေးချက်အရ မယ်ဆိုင်မြို့၊ ပုန်ငမ်းရပ်ကွက် ဆန်ကလစ်ထောင်းန်အိမ်ရာရှိ ထိုင်းနိုင်ငံသား အသက် ၃၇ နှစ်ရွယ်အမျိုးသမီး ၁ ဦးရဲ့အမည်ပေါက် ၃ ဧကအကျယ်ရှိ ခြံဝင်း၊ အဆင့်မြင့်တိုက်အိမ် ၊ မော်တော်ကား၊ ဘဏ်ငွေစုစာအုပ်၊ ရွှေငွေ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း တန်ဖိုး ဘတ် ၁၁,၀၄၀,၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း၊ အဲဒီအိမ်ကနေ နိုင်ငံခြားသားအမျိုးသား ၁ ဦးရဲ့ နိုင်ငံကူးလက်မှတ်ကိုပါတွေ့ရှိပြီး စီစီတီဗွီကင်မရာတွေပါ စစ်ဆေးဖို့ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ်ခရိုင် ၂ ခုရှိ မူးယစ်ဆေးပတ်သက်သူတို့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့ကြောင်း၊ ခရိုင် ၃ ခုလုံးကနေ ဘတ် ၃၂ သန်းကျော်တန်ဖိုးရှိ မြေကွက်၊ နေအိမ်၊ ကား ၉ စီး၊ ရွှေငွေရတနာ၊ ငွေစုစာအုပ် ၅ အုပ်၊ ငွေသား ၅၉၈,၀၀၀ ဘတ်စသဖြင့် အမျိုးအစား ၂၆ မျိုးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

တရားခံတွေက သူတို့ဟာ အဆိုပါစိတ်ကြွဆေးတွေကို နယ်စပ်ဘက်က သယ်ဆောင်ခဲ့ကြောင်း၊ မနှစ် ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက မယ့်ကျန်းမြို့ကို စိတ်ကြွဆေး ၆ သန်း ၈ သိန်းနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှာ နောက်ထပ် ၃,၂၀၀,၀၀၀ သယ်ခဲ့တာကြောင့် စုစုပေါင်း ၁၀ သန်းကျော် သယ်ဆောင်ခဲ့တယ်လို့ ဝန်ခံပြောသွားပါတယ်။ 

ကိုးကား - maesaipress

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up