ယူရို ၂၀၂၄ ခြေစစ်ပွဲကနေ ထုတ်ပယ်ခံထားရတဲ့ ရုရှားဘောလုံးအသင်းဟာ မတ်လ ၂၃ ရက်က အီရန်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးနောက်ပိုင်း ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေနဲ့သာ ခြေစမ်းကစားခဲ့ရတဲ့ ရုရှားအသင်းဟာ ဆိုဗီယက်နိုင်ငံ ဟောင်းမဟုတ်တဲ့ တခြားနိုင်ငံအသင်း တစ်သင်းနဲ့ ပထမဆုံးအကြိမ် ခြေစမ်းကစားခဲ့တာပါ။
အီရန်မြို့ တောင်တီဟီရန်မှာကစားခဲ့တဲ့ အဲဒီခြေစမ်းပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း ရုရှားအသင်းကို ပြိုင်ပွဲကစား ခွင့်ပိတ်ပင်ခဲ့တာပါ။
ရုရှားအသင်းဟာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ကာလတွေအတွင်းမှာ ဆိုဗီယက် နိုင်ငံဟောင်းတွေဖြစ်တဲ့ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန် အသင်းတွေနဲ့ ခြေစမ်းကစားခဲ့ပါသေးတယ်။
ဂျာမနီအမျိုးသားဘောလုံးအသင်းဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ပီရူးအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရလို့ စိတ်ပျက်ခဲ့ရတဲ့ ဂျာမနီအသင်းအပေါ် ပရိသတ်တွေကတော့ လက်ခုပ်ဩဘာတီးပြီး လာရောက်တွေ့ဆုံ အားပေးနေတာကို တွေ့ရပါတယ်။
“နိုင်ငံအသင်းနဲ့ပတ်သက်လို့ ပျော်ရွှင်မှုတော့ သိပ်ကြီးကြီးမားမားတော့ မဟုတ်တော့ပါဘူး။ ကျနော့်အနေနဲ့ကတော့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အနည်းငယ် ပြောင်းလဲလာပြီး တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အင်တိုက်အားတိုက် ပိုပြီး ကစားလာကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ပရိသတ်တဦးက ပြောပါတယ်။
နောက်ထပ်ပရိသတ်တဦးကလည်း “ဂျာမနီအသင်းမှာ ကောင်းမွန်တဲ့ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျနော်တို့ဖြစ်စေချင်သလိုမျိုးတော့ ဖြစ်မနေပါဘူး။ ပြီးတော့ ကစားသမားတွေဟာ တယောက်ကိုတယောက် နားလည်မှုရှိဖို့လိုပါတယ်။ တချို့ကစားသမားတွေက အခုမှ စတင်ကစားမယ့်သူတွေဖြစ်ပြီး တချို့က ငယ်ရွယ်နေကြပါသေးတယ်” လို့ ပြောပါတယ်။
အသင်းနည်းပြချုပ် ဟန်စီ ဖလစ်ခ်ကတော့ သတင်းစာရှင်းလင်းပွဲတခုမှာ အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
“တကယ့်ကို အလားအလာရှိတဲ့ ကစားသမားတွေကို ကျနော်တို့ မြင်တွေ့နေရပြီး ယုံလည်း ယုံကြည်ပါတယ်။ အခု သူတို့ကို ကွင်းထဲကို ခေါ်ဆောင်သွားဖို့ မေးခွန်းထုတ်ချိန် ရောက်နေပါပြီ” လို့ ပြောဆိုခဲ့ဖူးပါတယ်။
လာမယ့်စနေနေ့မှာ ဂျာမနီအသင်းဟာ ပီရူးအသင်းနဲ့ တတိယအကြိမ် ခြေစမ်းပွဲကစားဖို့ ရှိနေပြီး လက်ရှိ ဂျာမနီအသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄ မှာ ရှိနေပါတယ်။
ဘရာဇီးအမျိုးသားဘောလုံးအသင်းဟာ လာမယ့်စနေနေ့မှာ ချစ်ကြည်ရေးပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တွေကို မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဘရာဇီးအသင်းသားတွေဟာ မော်ရိုကိုနိုင်ငံက တန်ဂျီရာမြို့ကို မတ်လ ၂၀ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅ ရက်ကြာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ဘရာဇီးနည်းပြ ရာမွန် မန်နီဇီစ်ရဲ့ ပထမဆုံးဦးဆောင်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို တနင်္လာနေ့ မွန်းလွဲပိုင်းကတည်းက ဘာတိုတာ အားကစားကွင်းမှာ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဗစ်တာရိုကွီနဲ့ အန်ဒရီစတုန်းတို့လို ကစားသမားအသစ် ၁၀ ယောက်လောက် ပါဝင်လာပြီး ကတ်စ်မဲရိုး၊ အီဒါမီလီတာအို၊ ရိုဒရီဂို၊ ဗင်နီစီးယက်စ် ဂျူနီယာတို့လို အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင်ခန်း ဆင်းနေကြတာကို တွေ့ရပါတယ်။
PSG အသင်းကစားသမား နေမာကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီချစ်ကြည်ရေးပွဲစဉ်မှာ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။