close

ဂီနီ

close

February 14, 2023

ကူးစက်လွယ်ပြီး သေစေနိုင်သည့် မာဘာ့ဂ်ဗိုင်းရပ်စ် ဂီနီတွင် ကူးစက်၊ ၉ ဦး သေဆုံး

အီဘိုလာဗိုင်းရပ်စ်လိုပဲ သေစေနိုင်ပြီး ကူးစက်လွယ်တဲ့ မာဘာ့ဂ်ဗိုင်းရပ်စ်ဟာ အီကွေတိုရီယယ် ဂီနီနိုင်ငံမှာ ပထမဆုံးကူးစက်ခဲ့ပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တာကို အတည်ပြုခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။

အီကွေတိုရီရယ် ဂီနီနိုင်ငံမှာ အဖျား၊ ပင်ပန်းနွမ်းနယ်တာ၊ အန်ချိန်နဲ့ ဝမ်းသွားချိန် သွေးပါတာ စတဲ့ လက္ခဏာတွေရှိတဲ့ မာဘာ့ဂ် ဗိုင်းရပ်စ် ကူးစက်ခံ ၁၆ ဦး ရှိတယ်လို့လည်း အစီရင်ခံထားပါတယ်။

သေဆုံးသူတွေဟာ ကီယံထန်ပြည်နယ် အန်ဆုတ်ခ် အန်စိုမို ခရိုင်ထဲက ဈာပန အခမ်းအနား တခုနဲ့ ပတ်သက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

သွေးယိုတဲ့အဖျားရောဂါကို ထောက်လှမ်းမိအပြီး ခေးအမ်ထန်ပြည်နယ်မှာ အရင်အပတ်က လူအယောက် ၂၀၀ ကျော်ကို ရောဂါခြေချုပ်နဲ့ ထိန်းသိမ်းပြီး အသွားအလာ ကန့်သတ်ထား ရပါတယ်။

ကူးစက်ဘေး စိုးရိမ်မှုတွေကြောင့် အိမ်နီးချင်း ကင်မရွန်းနိုင်ငံမှာလည်း နယ်စပ်တလျှောက် အသွားအလာ ထိန်းချုပ် ကန့်သတ်ထားပါတယ်။

မာဘာ့ဂ်ဗိုင်းရပ်စ် ရှိမရှိ အတည်ပြုနိုင်ဖို့ အစောပိုင်းနမူနာတွေကို ဆီနီဂေါ နိုင်ငံက ဓာတ်ခွဲခန်းဆီ ပို့ထားပြီးပြီလို့ ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မာဘာ့ဂ် ဗိုင်းရပ်စ်ဟာ ကူးစက်ခံရရင် သေဆုံးနှုံး ၈၈ ရာခိုင်နှုန်းအထိရှိတယ်လို့ WHO က ပြောပါတယ်။ ဒီဗိုင်းရပ်စ်ကို ကုသဖို့ရော ကာကွယ်ဖို့ပါ အတည်ပြုထားတဲ့ ဆေးဝါး မရှိသေးပါဘူး။ 

11 mins Ago

September 19, 2021

ဂီနီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စိုးရိမ်စရာမရှိဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ အမြန်အသွင်ကူးပြောင်းရေး ဖိအားပေးတဲ့အနေနဲ့ ဒေသတွင်းအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မှာကို မစိုးရိမ်ဘူးလို့ ဂီနီနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြောခွင့်ရက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က ဂီနီသမ္မတ အယ်လ်ဖှာ ကွန်ဒေကို အာဏာသိမ်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဂီနီစစ်ကောင်စီနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်သမျှ ဘဏ္ဍာရေးကို ပိတ်ဆို့ဖို့နဲ့ ခရီးသွားမှု တားမြစ်ပိတ်ပင်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း ECOWAS က စက်တင်ဘာ ၁၆ ရက်မှာ သဘောတူခဲ့ပါတယ်။

စစ်သားတွေအနေနဲ့ သူတို့အလုပ်က ဂီနီမှာပဲရှိတယ် ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ဘာမှ မရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင် မာမာဒီဒွမ်ဘောင်ယာက ပြောခဲ့တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။

ဒီမှတ်ချက်တွေကို ဂီနီမြို့တော် ကိုနာခရီဆီ လာရောက်လည်ပတ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာ သမ္မတတွေနဲ့ ဒွမ်ဘောင်ယာတို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။  သမ္မတ ကွန်ဒေကို ပြန်လွှတ်ရေး အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

မနှစ်တည်းက ခုထိ အလယ်နဲ့ အနောက် အာဖရိကဒေသမှာ စစ်အာဏာသိမ်းမှု လေးရပ်ကို ကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် ဒေသတွင်း ဒီမိုကရေစီ နောက်ပြန်ဆွဲတာ ထပ်မဖြစ်အောင် ဟန့်တားဖို့  ECOWAS အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

1 year Ago
Up