ဂီနီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စိုးရိမ်စရာမရှိဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ အမြန်အသွင်ကူးပြောင်းရေး ဖိအားပေးတဲ့အနေနဲ့ ဒေသတွင်းအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မှာကို မစိုးရိမ်ဘူးလို့ ဂီနီနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြောခွင့်ရက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၅ ရက်က ဂီနီသမ္မတ အယ်လ်ဖှာ ကွန်ဒေကို အာဏာသိမ်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဂီနီစစ်ကောင်စီနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်သမျှ ဘဏ္ဍာရေးကို ပိတ်ဆို့ဖို့နဲ့ ခရီးသွားမှု တားမြစ်ပိတ်ပင်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း ECOWAS က စက်တင်ဘာ ၁၆ ရက်မှာ သဘောတူခဲ့ပါတယ်။
စစ်သားတွေအနေနဲ့ သူတို့အလုပ်က ဂီနီမှာပဲရှိတယ် ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ဘာမှ မရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင် မာမာဒီဒွမ်ဘောင်ယာက ပြောခဲ့တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။
ဒီမှတ်ချက်တွေကို ဂီနီမြို့တော် ကိုနာခရီဆီ လာရောက်လည်ပတ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာ သမ္မတတွေနဲ့ ဒွမ်ဘောင်ယာတို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။ သမ္မတ ကွန်ဒေကို ပြန်လွှတ်ရေး အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မနှစ်တည်းက ခုထိ အလယ်နဲ့ အနောက် အာဖရိကဒေသမှာ စစ်အာဏာသိမ်းမှု လေးရပ်ကို ကြုံတွေ့ခဲ့ရတာပါ။
ဒါကြောင့် ဒေသတွင်း ဒီမိုကရေစီ နောက်ပြန်ဆွဲတာ ထပ်မဖြစ်အောင် ဟန့်တားဖို့ ECOWAS အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။