ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆို၊ တရုတ် အထူးသံတမန် စွန်းကော်ရှန်း၊ စာရေးဆရာ ရွှေဥဒေါင်း၊ နန္ဒသိန်းဇံ၊ ညိုမြ၊ သံအမတ်ဟောင်းတွေနဲ့ အားကစားသမားတွေကို ဂုဏ်ထူးဆောင် ဘွဲ့တွေ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်နေ့မှာ ကြေညာပါတယ်။
ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)ရဲ့ ဒုတိယခေါင်းဆောင် မစ္စတာ တာရိုအာဆိုဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိတာဝန်ယူခဲ့တာဖြစ်ပြီး မြန်မာရဲ့ ကြွေးမြီတွေကို လျော်ပစ်ဖို့နဲ့ ချေးငွေသစ်တွေ ထပ်ပေးသွားဖို့ ကတိပြုလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းကော်ရှန်းကတော့ ၂၀၁၅ ခုနှစ်မှာ ရာထူးတာဝန်စယူပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား စေ့စပ်ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆိုကို သရေစည်သူဘွဲ့၊ တရုတ် အထူးကိုယ်စားလှယ် စွန်းကော်ရှန်းနဲ့ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမထုနော်တို့ကို သီရိပျံချီဘွဲ့၊ အငြိမ်းစားသံအမတ်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေနဲ့ အားကစားသမားတွေ အပါအဝင် ၄၄ ဦးတို့ကိုတော့ ဝဏ္ဏကျော်ထင်ဘွဲ့တွေ ချီးမြှင့်လိုက်တာဖြစ်ပါတယ်။
အားကစားသမားတွေထဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဗဟာဒူး၊ ဦးတင်အောင်၊ ဦးအေးမောင်ကြီး၊ ဦးအေးမောင်လေး၊ ပြေးခုန်ပစ်အားကစားသမား ဒေါ်ဂျနီဖာတင်လေး၊ ဒေါ်မာမာမင်း၊ ဒေါ်ခင်ခင်ထွေး၊ ရေးကူး ဦးတင်မောင်နီ၊ လက်ဝှေ့ ကျားဘငြိမ်း၊ ဝူရှူး ခိုင်ခိုင်မော် စသူတွေ အပြင် မီးပုံးပျံ ဦးကျော်ရင်လည်း ဆုချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်ပါတယ်။
ဒါ့အပြင် စာရေးဆရာ ရွှေဥဒေါင်း၊ နန္ဒသိန်းဇံ၊ ဦးညိုမြနဲ့ သမိုင်းပညာရှင် ဦးအောင်ကြိုင် (မင်းဘူး)တို့ကိုလည်း စစ်ခေါင်းဆောင်က အလင်္ကာကျော်စွာဘွဲ့ ပေးအပ်လိုက်ပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဦးဝီရသူနဲ့ ဒေါက်တာအေးမောင်အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂ ရက်က နေပြည်တော်မှာ အခမ်းအနားနဲ့ ဆုပေးအပ်ခဲ့ပါတယ်။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တွေကို ဇန်နဝါရီ ၁ ရက်ကတည်းကစတင် ပေးအပ်နေရာမှာ ဘွဲ့ရသူတွေများလွန်းလို့ တရက်တည်းနဲ့ ဆုပေးပွဲမပြီးစီးတဲ့အတွက် နောက်တရက်မှာလည်း တနေကုန်နီးပါး ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့ရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်မှာ လုံခြုံရေးတင်းကျပ်ပြီး တံခါးပိတ်ကျင်းပခဲ့တဲ့ ဆုပေးပွဲ ဒုတိယနေ့မှာတော့ သီရိပျံချီဘွဲ့ရရှိသူ(၁၆၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ(၁၅၃)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိ သူ(၁၈)ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ(၅)ဦးတို့ကိုပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူလူထု ဆင်းရဲကျပ်တည်းပြီး တိုင်းပြည်စီးပွားရေးဆိုးရွားနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၇ ဘီလီယံကျော်အသုံးပြုပြီး သူ့ကိုယ်သူအပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်နေတာဖြစ်ပါတယ်။
Photo-DSINFO