close

ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆိုနှင့် တရုတ်အထူးသံ စွန်းကော်ရှန်းတို့ကို စစ်ခေါင်းဆောင် ဂုဏ်ထူးဆောင်ဘွဲ့ပေး

ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆို၊ တရုတ် အထူးသံတမန် စွန်းကော်ရှန်း၊ စာရေးဆရာ ရွှေဥဒေါင်း၊ နန္ဒသိန်းဇံ၊ ညိုမြ၊ သံအမတ်ဟောင်းတွေနဲ့ အားကစားသမားတွေကို ဂုဏ်ထူးဆောင် ဘွဲ့တွေ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်နေ့မှာ ကြေညာပါတယ်။

ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)ရဲ့ ဒုတိယခေါင်းဆောင် မစ္စတာ တာရိုအာဆိုဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိတာဝန်ယူခဲ့တာဖြစ်ပြီး  မြန်မာရဲ့ ကြွေးမြီတွေကို လျော်ပစ်ဖို့နဲ့ ချေးငွေသစ်တွေ ထပ်ပေးသွားဖို့ ကတိပြုလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းကော်ရှန်းကတော့ ၂၀၁၅ ခုနှစ်မှာ ရာထူးတာဝန်စယူပြီးနောက်  မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ  အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား  စေ့စပ်ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆိုကို သရေစည်သူဘွဲ့၊ တရုတ် အထူးကိုယ်စားလှယ် စွန်းကော်ရှန်းနဲ့ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမထုနော်တို့ကို သီရိပျံချီဘွဲ့၊ အငြိမ်းစားသံအမတ်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေနဲ့ အားကစားသမားတွေ အပါအဝင် ၄၄   ဦးတို့ကိုတော့ ဝဏ္ဏကျော်ထင်ဘွဲ့တွေ ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

အားကစားသမားတွေထဲမှာ  မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဗဟာဒူး၊ ဦးတင်အောင်၊ ဦးအေးမောင်ကြီး၊ ဦးအေးမောင်လေး၊ ပြေးခုန်ပစ်အားကစားသမား ဒေါ်ဂျနီဖာတင်လေး၊ ဒေါ်မာမာမင်း၊ ဒေါ်ခင်ခင်ထွေး၊ ရေးကူး ဦးတင်မောင်နီ၊ လက်ဝှေ့ ကျားဘငြိမ်း၊ ဝူရှူး ခိုင်ခိုင်မော် စသူတွေ အပြင် မီးပုံးပျံ ဦးကျော်ရင်လည်း ဆုချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် စာရေးဆရာ ရွှေဥဒေါင်း၊ နန္ဒသိန်းဇံ၊ ဦးညိုမြနဲ့ သမိုင်းပညာရှင် ဦးအောင်ကြိုင် (မင်းဘူး)တို့ကိုလည်း  စစ်ခေါင်းဆောင်က အလင်္ကာကျော်စွာဘွဲ့ ပေးအပ်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up