စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဒီနေ့ ညနေ ၅ နာရီ ၃၅ မှ ၄၀ မိနစ်ထိ ၃ ကြိမ်ဝဲပြီး ဗုံး ၄ လုံးချကာ လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက " ဒီနေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ရွာကို ထပ်ပြီး လာပစ်နေတယ်ဗျ” လို့ပြောပါတယ်။
အခုတကြိမ် တိုက်ခိုက်မှုမှာ ရွာသားတွေ ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး?
ဒီနေ့ မနက်ကလည်း ပဇီကြီးရွာမှာကျင်းပတဲ့ ပလဖရုံးဖွင့်ပွဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အရပ်သားနဲ့ လက်နက်ကိုင် သတ်မှတ်ခွဲခြင်းမရှိဘဲ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေတာကို ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာက ထပ်မံသက်သေပြနေတာ ဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်း ဖြစ်တယ်လို့ NUG က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အသက်ဆုံးရှုံးသွားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးပင် ဝမ်းနည်းကြေကွဲရပြီး သက်ဆိုင်သူတွေရဲ့ မိသားစုတွေနဲ့ အတူတကွရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ထိခိုက်ဆုံးရှုံးရတဲ့ လူထုဘဝတွေအချည်းနှီးမဖြစ်စေဖို့နဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေဖို့ အစွမ်းကုန် အားထုတ်လုပ်ဆောင်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မီးတိုက်ကျေးရွာရှိ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ မီးတိုက်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။
မီးတိုက်ကျေးရွာသားတစ်ဦးက “ဒီနေ့ ည ၁၀ နာရီမှာ လေယာဥ်တစ်စီးလာပြီး ဗုံးကြဲတယ်။ မြေကြီးတွေတုန်ခါသွားတယ်။ ရွာအနီးတစ်ဝိုက်ကိုကြဲချတာ။ ည ၁၀ နာရီ ၁၀ မိနှစ်မှာ နောက်ထပ်တစ်စီးလာပြီး ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှချသွားတာ။ ဒေသခံတွေကတော့ ရွာတွေကို ဗုံးချလာမှာ စိုးရိမ်နေကြတယ်။"လို့ပြောပါတယ်။
ပြီးခဲတဲ့ စက်တင်ဘာလ ၉ ရက်က အေအေက အင်အားအလုံးအရင်းနဲ့ မီးတိုက်ကျေးရွာစခန်းကို ဝင်တိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃ ယောက် ကျဆုံးခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်မှာ အေအေက ဒုတိယအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအားသိမ်းပိုက်နိုင်ခဲ့တာပါ။
လက်ရှိစစ်ကောင်စီတပ်က မောင်တောဒေသကို ကုန်းလမ်း၊ရေးလမ်း အားလုံးဖြတ်တောက်ထားပြီး စစ်အင်အား အလုံးအရင်းတိုးချလာကာ လေကြောင်းကနေ လူနေကျေးရွားတွေအနီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ဒေသခံစစ်ရေးလေ့လာသူတစ်ဦးက "တပ်မ ၇၇ တစ်ခုလုံး ရေကြောင်းက မောင်တောကို ရောက်လာပြီး မြောက်ပိုင်းကို စစ်ကူလိုက်သွားကြတယ်။ အခြေအနေက တစ်ရက်ထက်တစ်ရက် ဆိုးလာနိုင်တယ်။ အဓိကလေကြောင်းတိုက်ခိုက်မှုပေါ့။ မောင်တောမြောက်ပိုင်းကျေးရွာအားလုံး ထွက်ပြေးကြရနိုင်တယ်။"လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တွေ ကျေးရွာတွေအနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြောက်ပိုင်း ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ မောင်တော၊ ဘူးတောင် စတဲ့မြို့တွေရှိ ဆွေမျိုးတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို ထွက်ပြေးနေကြရပါတယ်။
မနေ့ည စစ်ကောင်စီတပ်က တိုက်လေယာဥ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၊ ဂေါင်းဒုံးဒေသဒုက္ခသည်စခန်းက ဒုက္ခသည် ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Teknaf Today သတင်းမှာ ရေးသားဖော်ပြပါတယ်။