close

မီးတိုက်စခန်းအား အေအေသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မီးတိုက်ကျေးရွာရှိ နယ်ခြားစောင့်စခန်းကို  ရက္ခိုင့်တပ်တော် (အေအေ)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ မီးတိုက်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မီးတိုက်ကျေးရွာသားတစ်ဦးက “ဒီနေ့ ည ၁၀ နာရီမှာ လေယာဥ်တစ်စီးလာပြီး ဗုံးကြဲတယ်။ မြေကြီးတွေတုန်ခါသွားတယ်။ ရွာအနီးတစ်ဝိုက်ကိုကြဲချတာ။ ည ၁၀ နာရီ ၁၀ မိနှစ်မှာ နောက်ထပ်တစ်စီးလာပြီး ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှချသွားတာ။ ဒေသခံတွေကတော့ ရွာတွေကို ဗုံးချလာမှာ စိုးရိမ်နေကြတယ်။"လို့ပြောပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာလ ၉ ရက်က အေအေက အင်အားအလုံးအရင်းနဲ့ မီးတိုက်ကျေးရွာစခန်းကို ဝင်တိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်  ၁၃ ယောက် ကျဆုံးခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်မှာ အေအေက ဒုတိယအကြိမ်​ထိုးစစ်ဆင်တိုက်ခိုက်နေ​ပြီး စခန်းအားသိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိစစ်ကောင်စီတပ်က မောင်တောဒေသကို ကုန်းလမ်း၊ရေးလမ်း အားလုံးဖြတ်တောက်ထားပြီး စစ်အင်အား အလုံးအရင်းတိုးချလာကာ လေကြောင်းကနေ လူနေကျေးရွားတွေအနီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒေသခံစစ်ရေးလေ့လာသူတစ်ဦးက "တပ်မ ၇၇ တစ်ခုလုံး ရေကြောင်းက မောင်တောကို ရောက်လာပြီး မြောက်ပိုင်းကို စစ်ကူလိုက်သွားကြတယ်။ အခြေအနေက တစ်ရက်ထက်တစ်ရက် ဆိုးလာနိုင်တယ်။ အဓိကလေကြောင်းတိုက်ခိုက်မှုပေါ့။ မောင်တောမြောက်ပိုင်းကျေးရွာအားလုံး ထွက်ပြေးကြရနိုင်တယ်။"လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တွေ ကျေးရွာတွေအနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြောက်ပိုင်း ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ မောင်တော၊ ဘူးတောင် စတဲ့မြို့တွေရှိ ဆွေမျိုးတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို ထွက်ပြေးနေကြရပါတယ်။

မနေ့ည စစ်ကောင်စီတပ်က တိုက်လေယာဥ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၊ ဂေါင်းဒုံးဒေသဒုက္ခသည်စခန်းက  ဒုက္ခသည် ၁ ယောက်  သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့‌ ကြောင်း   ဘင်္ဂလားဒေ့ရှ်အခြေစိုက် Teknaf Today သတင်းမှာ ရေးသားဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up