ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ လဝကဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးက ဒီကနေ့ နေ့လယ်ပိုင်းမှာ မစ္စတာ တိုရူကူဘိုတာကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“ဒီနေ့ အထူးတရားရုံးက အမိန့်ချလိုက်တာ ၃ နှစ်၊ အရင်ကချထားတဲ့ ထောင်ဒဏ်နဲ့ဆို အားလုံးပေါင်း ၁၀ နှစ် ကျခံရမှာပါ။”
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ တေပါင်းတည်းထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါသေးတယ်။
ဒီကနေ့ အမိန့်ချခံထားရတဲ့ မစ္စတာ တိုရူကူဘိုတာဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မြိတ်လမ်းမှာ ဇူလိုင် ၃၀ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူငယ်နှစ်ယောက်နဲ့အတူ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ကာ သြဂုတ် ၃၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန်အစိုးရဘက်ကရော ဂျပန်ပြည်သူတွေကပါ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုတာ ခံနေရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာကို စစ်ကောင်စီက ဆူပူလှုံ့ဆော်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၆ နှစ်အရွယ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲမှာ ဆန္ဒပြလူငယ်တွေနဲ့အတူတွေ့ရှိလို့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင် ဆန္ဒပြခဲ့သူ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဂျပန်အစိုးရကတော့ မစ္စတာ တိုရူ ကူဘိုတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားသလို ဂျပန်အာဏာရပါတီက အောက်လွှတ်တော်အမတ် ဝါတာနာဘေး ကလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မစ္စတာ တိုရူ ကူဘိုတာကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ ဆက်လက်ကြားနာ စစ်ဆေးဖို့ ရှိနေတယ်လို့ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“မစ္စတာ ကူဘိုတာကို စောစီးစွာ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုထားပြီး ဒါကို ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်မှု သံသရာထဲ ပိတ်မိနေခဲ့ပြီး စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေ၊ ကျောင်းသားကျောင်းသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံခြားသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို ဖမ်းဆီးထားပါတယ်။