close

ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်

မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုတာ ခံနေရတဲ့ ဂျပန်နိုင်ငံသား  မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာကို စစ်ကောင်စီက ဆူပူလှုံ့ဆော်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၆ နှစ်အရွယ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲမှာ ဆန္ဒပြလူငယ်တွေနဲ့အတူတွေ့ရှိလို့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင် ဆန္ဒပြခဲ့သူ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဂျပန်အစိုးရကတော့ မစ္စတာ တိုရူ ကူဘိုတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားသလို ဂျပန်အာဏာရပါတီက အောက်လွှတ်တော်အမတ် ဝါတာနာဘေး ကလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မစ္စတာ တိုရူ ကူဘိုတာကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ ဆက်လက်ကြားနာ စစ်ဆေးဖို့ ရှိနေတယ်လို့ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“မစ္စတာ ကူဘိုတာကို စောစီးစွာ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုထားပြီး ဒါကို ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်မှု သံသရာထဲ ပိတ်မိနေခဲ့ပြီး စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေ၊ ကျောင်းသားကျောင်းသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံခြားသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို ဖမ်းဆီးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up